♔︎ 𝖶𝖨𝖳𝖭𝖤𝖲𝖲 𝖣𝖠𝖨𝖫𝖸 ♔︎
10.7K subscribers
18.8K photos
370 videos
8.3K links
News Channel
Download Telegram
မန္တလေး၊ မဟာအောင်မြမြို့နယ်တွင် CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက ညအချိန် အင်အားအလုံး အရင်း ဖြင့် ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးမြို့ မဟာအောင်မြမြို့နယ်တွင် CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက ညအချိန် အင်အားအလုံးအရင်း ဖြင့် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၂/၇၃ လမ်း၊ ၃၆/၃၇ လမ်းအကြား ၊မဟာနွယ် လမ်းသွယ် ဒိုင်တော်ရပ်၊ လှယမင်း အမျိုးသမီး ဘော်ဒါဆောင်တွင် နေထိုင်နေသော CDM သူနာပြု တစ်ဦးကို စစ်တပ်နှင့်ရဲများက အင်အား ၂၀ ကျော်၊ ကား ၅ စီးဖြင့် ဝင်ရောက် ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

"အဆောင်မှူးနှင့် အဆောင်နေထိုင်သူ အမျိုးသမီးက ပူးပေါင်းတိုင်ကြားတာကြောင့် မနေ့ည ၁၀ နာရီခွဲမှာ အမှတ် ၉ ရဲစခန်းမှ စစ်တပ်နဲ့ရဲ အင်အား ၂၀ ကျော် ကား ၅စီးဖြင့် CDM သူနာပြုကို ဝင်ဖမ်းသွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက CDM ဝန်ထမ်းများကို လူမှုရေးအရ အမည်မည်းစာရင်းပယ်ဖျက်ပေးမည်ဖြစ်၍ ဆက်သွယ်ကြရန် ကြေညာချက် ထုတ်ပြန်ထားသော်လည်း လက်တွေ့ မြေပြင်အခြေအနေမှာ CDM ဝန်ထမ်းများကို ရာဇဝတ်သားများကဲ့သို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် ဖမ်းဆီးနေသည်ကို ပေါ်လွင်စေသည်ဟု မန္တလေးအခြေစိုက် CDM ကျန်းမာရေးဝန်ထမ်းတချို့က သုံးသပ်ပြောဆိုသည်။

ဓာတ်ပုံ- ညအချိန် လမ်းပေါ်တွင် လှည့်လည့်နေသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ သီရိမွန်ရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်၊ ၃၂ မိနစ်၊ ၃၅ မိနစ်နှင့် ၄၈ မိနစ်တို့တွင် ကန့်ဘလူမြို့နယ် အရှေ့ခြမ်းရှိ သီရိမွန် ကျေးရွာကို အကြမ်းဖက် စစ်တပ်၏ ကန့်ဘလူ ၆၀၀၆ တပ်ရင်းမှ တက်လာသော Mi-35 ရဟတ်ယာဉ်ဖြင့် လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှု ရှိမရှိကို အတည်မပြုနိုင်သေးဘဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကန့်ဘလူနယ် အရှေ့ခြမ်း သီရိမွန်ရွာကို ကန့်ဘလူ ၆၀၀၆ တက်လာတဲ့ Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဥ်နဲ့ အကြောင်းမဲ့ ပစ်ခတ်သွားတာပါ။ ထိခိုက်မှုတော့ မကြားရသေးဘူး။ ဘာတိုက်ပွဲမှ မရှိပါဘူး။ အကြောင်းမဲ့ ပစ်သွားတာ" ရေဦးအခြေပြု People's Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောဆိုသည်။
မန္တလေး၌ လုယက်သူ ၂ ဦးကို လုယက်ခံရသူက ကားဖြင့်တိုက်ဖမ်း

ဧရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၄

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်အပိုင်း (၂) ရပ်ကွက်၊ ၃၅ လမ်းနှင့် ၃၆ လမ်းကြား ၆၃ လမ်းပေါ်တွင် စက်တင်ဘာ ၂၆ ရက် ည ၇ နာရီခန့်၌ ဓားဖြင့်ခုတ်ကာ ဖုန်းလုယက်သူ ၂ ဦးကို လုယက်ခံရသူက ကားဖြင့်တိုက်၍ ဖမ်းဆီးမှုဖြစ်ပွားခဲ့ကြောင်း အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံမှ သိရသည်။

အခင်းဖြစ်နေရာ၌ ကလေးကျောင်းကြိုရန် စောင့်ဆိုင်းနေသည့် ဇနီးမောင်နှံအနက် အသက် ၃၆ နှစ်အရွယ် ခင်ပွန်းဖြစ်သူ အမျိုးသားမှာ ကားပေါ်မှဆင်းပြီး ဖုန်းပြောနေစဉ် ဆိုင်ကယ်တစီးဖြင့် အမျိုးသား ၂ ဦးက ဖုန်းကို လုယူခဲ့ခြင်း ဖြစ်သည်။

ရဲအသိုင်းအဝိုင်းမှ အမည်မဖော်လိုသူ သတင်းရင်းမြစ်တဦးက “ချမ်းအေးသာစံမြို့နယ်မှာနေတဲ့ လင်မယားနှစ်ယောက် သူတို့ကလေးနှစ်ယောက်ကို ကျူရှင်သွားကြိုကြတာ။ ကျူရှင်နားမှာပဲ ကားရပ်ပြီးတော့ အမျိုးသားက ဖုန်းပြောနေတာ။ အဲဒီမှာ ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး ဖုန်းကိုလုတော့ ဖုန်းကိုမပေးဘဲ ပြန်ဆွဲတဲ့အချိန် ဆိုင်ကယ်ပေါ်ကကောင်က ဓားနဲ့ခုတ်သွားတာ။ အဲဒီဓားခုတ်ခံရတဲ့ ဒဏ်ရာနဲ့ပဲ သူ့ကားနဲ့ ဟိုကောင်တွေ ထွက်ပြေးတဲ့ဘက်ကို လိုက်တိုက်တာ” ဟု ပြောသည်။

ဖုန်းလုယူသွားသူများမှာ ဆိုင်ကယ်မောင်းနှင် ထွက်ပြေးသွားသဖြင့် ဇနီးမောင်နှံနှစ်ဦးမှ ကားဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ ၃၅ လမ်းနှင့် ၃၆ လမ်းကြား ၆၃ လမ်းသို့ရောက်စဉ် လုယက်ထွက်ပြေးသူများ၏ ဆိုင်ကယ်အား တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါ သတင်းရင်းမြစ်က “အမှုက ယာဉ်တိုက်မှုဖြစ်သွားတာမျိုးဆိုတော့ ယာဉ်ထိန်းဘက်ကနေ အမှုဖွင့်ရမှာ။ ယာဉ်ထိန်းနဲ့ဆိုင်တဲ့ဖြစ်စဉ်ဆိုတော့ ယာဉ်မှုစစ်က ဘာလုပ်မလဲဆိုတာတော့ မသိရသေးဘူး။ ယာဉ်နဲ့သေတာမျိုးဆို ရဲအရေးမပိုင်တော့ဘူးလေ။ ကားနဲ့တိုက်လိုက်တာဆိုတော့ ယာဉ်ထိန်းကနေ အမှုဖွင့်ရမယ်။ ရှေ့က ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ကားနဲ့တိုက်လို့ သေသွားတဲ့အနေအထားမှာ ယာဉ်တိုက်မှုနဲ့ အမှုအရင်ဖွင့်ပြီးမှ ကျန်တာကို ရဲက ဆက်ရှင်းပေါ့” ဟု ရဲအသိုင်း အဝိုင်းမှ အမည်မဖော်လိုသူသတင်းရင်းမြစ်တဦးက ပြောသည်။

အဆိုပါဖြစ်စဉ်တွင် လုယက်သူနှစ်ဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ ရရှိမှုများကြောင့် သေဆုံးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီအနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

လုယက်ခံရသူ အသက် ၃၆ နှစ်အရွယ် အမျိုးသားမှာ ဦးခေါင်း ဓားခုတ်ဒဏ်ရာဖြင့် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဓာတ်ပုံ - CJ

#WhatsHappeningInMyanmar
#RejectMilitaryCoup
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR
ကနီတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ရေကာတာကျိုးပြီး ကျေးရွာများထဲ ရေများ စတင်ဝင်ရောက်လာ၍ ပကဖ ရဲဘော်များက ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေ

ရန်ကုန်၊ စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကာတာကျိုးပြီး ကျေးရွာများထဲ ရေများ စတင်ဝင်ရောက်လာ၍ ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်နေကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကပြောဆိုသည်။

စက်တင်ဘာလ ၂၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကနီမြို့နယ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မဟူတောင်ကျချောင်းရေးကြီးပြီး ကျေးရွာလူထု အင်အားဖြင့် တည်ဆောက်ထားသည့် ရေကာတာ ပျက်စီးကာ ပါဟဲ ကျေးရွာအတွင်း ရေများ ဝင်ရောက်ပြီး ကုန်းမြေကိုတိုက်စားခဲ့သောကြောင့် ရွာသူ၊ ရွာသားများ အရေးပေါ် ယာယီရွှေ့ပြောင်းကာ ရေကာတာများလည်း အရေးပေါ်ပြုပြင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ ကျေးရွာအတွင်း ရေဝင်ရောက်ကာ ကျေးရွာကုန်းမြေတိုက်စားခံရမှုကြောင့် နေအိမ် ၅ လုံးခန့် အရေးပေါ်ပြောင်းရွှေ့ခဲ့ရကာ ရွာထဲရှိ နွား၊ ဝက်၊ အိမ်မွေးတိရစ္ဆာန်များ၊ လှည်း၊ ထွန်စက်များ၊ စိုက်ပျိုး သီးနှံများဖြစ်သည့် ပဲ၊ နှမ်း၊ စပါး စသည်တို့ ရေနစ်ဆုံးရှုံးကာ အချို့လည်းချောင်းရေနှင့်အတူ မျောပါ သွားကြောင်း၊ လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

အဆိုပါ ပါဟဲကျေးရွာသည် အိမ်ခြေ ၁၉၀ ကျော်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ဆက်လက်၍ မိုးရွာ သွန်းနေမည်ဆိုပါက ချောင်းရေတိုက်စားကာ ရွာပျောက်မည့်အနေအထားဖြစ်ရှိကြောင်း သိရသည်။
မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပါဝင်ကူညီသူ အားလုံးကို အရေးယူမည်ဟု တိုက်နယ် ၃ ပကဖ က အသိပေး

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုကို ပါဝင်ကူညီသူ အားလုံးကို အရေးယူမည်ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ်- ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ္တရာမြို့နယ် တိုက်နယ်- ၃ အတွင်း သန်းခေါင်စာရင်း ကောက်ယူရန် ကူညီပါဝင်သော မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း စက်တင်ဘာလ ၂၇ ရက်နေ့တွင် မိုးကြိုးစစ်ကြောင်း တိုက်နယ်-၃ ပကဖ က အသိပေး ပြောဆိုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာလ ၁ ရက်နေ့မှ စ၍ အိမ်ထောင်စုစာရင်း ၊ သန်းခေါင်စာရင်းများ ကောက်ခံမည်ဟု ထုတ်ပြန်ထားကြောင်း၊ အဆိုပါကောက်ခံမှုကို လူအား စိတ်အားဖြင့် ပါဝင် အားပေး ကူညီသူ မှန်သမျှကို မိုးကြိုးစစ်ကြောင်းမှ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

"စစ်ကောင်စီရဲ့ ထောက်တိုင်မှန်သမျှကို ဖြိုဖျက်ဖို့ ကြိုးစားခဲ့ကြတယ်။ ၄ နှစ်တာမှာ ခရီးလည်း ရောက်တန်သလောက်ရောက်ခဲ့ပြီ ဒီအချိန်ကျမှ ဒီလိုသန်းခေါင်စာရင်းကိစ္စကို ထကူညီရင် ဒီလူဟာ တော်လှန်ရေးတစ်ရပ်လုံးကို မထီမဲ့မြင်ပြုတာလို့မြင်ပါတယ်။ ပြင်းပြင်းထန်ထန်လည်းအရေးယူပါ့မယ်။ PDF တွေ နိုင်ငံရေးအရ ဆွေးနွေးပါလို့ ခေါ်ပြီး တော်လှန်သူတွေကို မျက်နှာမမူတဲ့ ဒီထုတ်ပြန်မှုကိုလည်း လုပ်ပြန်တယ်။ မီးစာတဖက် ရေမှုတ်တဖက်စိတ်ဓာတ်မျိုးနဲ့ စစ်ကောင်စီ အကြမ်းဖက်ထံကို သွားရောက်အားပေးကူညီပူးပေါင်းမယ်ဆိုရင် ဒါဟာ ၄ နှစ်တာခရီးရှည်ခရီးကြမ်းကို မနားတမ်းအားထုတ်ကြိုးစားလာခဲ့တဲ့ တော်လှန်လူထုကို တံတွေးနဲ့ထွေးတဲ့လုပ်ရပ်မို့ အပြင်းအထန်ရှုံ့ချပါတယ် သိရှိခဲ့ရင်လည်းအရေးယူသွားပါမယ်။ စစ်ကောင်စီအဓွန့် ရှည်စေရန် ပြုမူသော မည်သည့်အပြုအမူကိုမျှ ခွင့်မပြုပါ" ဟု မိုးကြိုးစစ်ကြောင်း တိုက်နယ်- ၃ ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မြင်းခြံမြို့နယ်ရှိ MBT တပ်ဖွဲ့စခန်းကို လာရောက် တိုက်ခိုက်သည့် စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး၊ စစ်သား အားလုံး တပ်ပျက်ပြီး ထွက်ပြေး

ရန်ကုန်၊ စက်တင်ဘာ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ MBT တပ်ဖွဲ့စခန်းကို လာရောက်တိုက်ခိုက် သည့်အကြမ်းဖက်စစ်ာသးများကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၁၈ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger - MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံမြို့နယ်၊ ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း -၃ အခြေချရာ တပ်စခန်းများကို အကြမ်းဖက် စစ်တပ်က အင်အား ၁၂၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာပြီး အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ MBT တပ်ဖွဲ့ ဝင်များ၏ ရဲရင့်ပြတ်သားမှုစွာ တန်ပြန်ချေမှုန်းတိုက်ခိုက်မှု၊ တည်ဆောက်ထားသော ဘန်ကာ ခိုင်မာ မှုတို့ကြောင့် အကြမ်းဖက်စစ်သားများ နောက်သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“ဒီစစ်ကြောင်းမှာက မြင်းခြံခြေမြန်တပ်ရင်းကဟာတွေပါတယ်၊ ပြီးလို့ရှိရင် ရဲတွေ၊ သီတာယုမွန်ရဲ့ ပျူစောထီးတွေပါတယ်။ မနက် ၅ နာရီလောက်မှာ အလစ်အငိုက်ဝင်ပြီး တိုက်ခိုက်တာပေါ့။ သူတို့ အထင်ကတော့ လွယ်လွယ်ရမယ်ထင်လို့ လက်နက်အင်အား၊ လူအင်အားအသာစီးနဲ့ ဝင်လာတာ။ ဒါပေမယ့် ကျနော်တို့တပ်ဖွဲ့ဝင်ရဲဘော်တွေရဲ့ စစ်ရေးကျွမ်းကျင်မှုတွေ ၊ စစ်ရေးအတွေ့အကြံတွေနဲ့ အမိန့်နာခံမှုအားကောင်းတာတွေကြောင့် ဒီကောင်တွေမနိုင်တော့ပဲနဲ့ နောက်ပြန်ဆုတ်သွားတယ်။ ၇ နာရီထိုးလောက်ကျတော့ ညီနောင်မဟာမိတ်တွေက အင်အားဖြည့်လာကူပေးတာ။ အဲဒီအချိန်မှာ အင်အားပို့တောင့်သွားတယ်၊ လက်နက်တွေပိုပြီးတော့ များလာတယ်။ အဲဒီအချိန်မှာ တန်ပြန်ထိုးစစ် ဆင်တိုက်တဲ့အချိန်မှာ ဒီကောင်တွေ ပြန်ပြီးထွက်ပြေးသွားတာပေါ့၊ အဲဒီအချိန်မှာ ခြေဆေးချောင်းထဲ မှာ အပိုင်ပစ်ခတ်နေတဲ့အချိန် လေယာဉ်ရယ်၊ ဒရုန်းရယ်ရောက်လာပြီးတော့ ဝေဟင်က ပစ်ကူပေး တဲ့အတွက် အနည်းငယ်ပြန်ဆုတ်ပေးခဲ့ရတာပါ” ဟု Myingyan Black Tiger - MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြား သည်။

ထိုသို့ ပြန်ဆုတ်သွားပြီးနောက် နံနက် ၇ နာရီခန့်အျခိန်တွင် MBT တပ်ဖွဲ့နှင့် မဟာမိတ်တပ်များဖြစ် သော မြင်းခြံခရိုင် အမှတ် ၁၊၂၊၃၊၇၊၈) တပ်ရင်းများ ၊ မြင်းခြံခရိုင် ပကဖ၊ စွန်ရဲပြောက်ကျား တပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ် ၈၁၅ တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများလာရောက်ပူး ပေါင်းပြီး တန်ပြန်ထိုးစစ်ဆင်ခဲ့ရာ ခြေဆေးချောင်းအတွင်း၌ အကြမ်းဖက်စစ်သားများကို ဝိုင်းဝန်း ပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများ အထိနာသွားပြီး အကြမ်း ဖက်စစ်တပ်က လေယာဉ် ၂ စီး၊ ဒရုန်း ၅ စင်းဖြင့် လေကြောင်းမှ ပစ်ကူပေးတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အနည်းပြန်ဆုတ်ပေးကာ ခုခံစစ်ဆင်အနေအထားဖြင့် စောင့် ဆိုင်းနေစဉ် အကြမ်းဖက်စစ်သားများလည်း သေဆုံး စစ်သား ၁၈ ဦးအပါအဝင် ဒဏ်ရာရ စစ်သား များကို 4 Wheel ကားဖြင့် သယ်ဆောင်ကာ မြင်းခြံမြို့သို့ ပြန်ဆုတ်သွားကြောင်း သိရသည်။

“နေ့ခင်း ၁ နာရီလောက်ကျတော့ နယ်မြေရှင်းလင်းရေးအားလုံးလုပ်ပြီးသွားပါပြီ။ လေယာဉ်ရော ၊ ဒရုန်းရော ဝေဟင်ကနေ တိုက်ခိုက်နေလို့ ပြန်ဆုတ်ပေးလိုက်ပြီး ဒုတိယခုခံစစ်ကနေ ထပ်စောင့်တဲ့ အချိန်မှာ တက်မလာတော့ပဲနဲ့ ပြန်ဆုတ်သွားကြတာ၊ အဲဒါကြောင့် လက်နက်ခဲယမ်းတွေတော့ မရခဲ့ ဘူး။ ကျနော်တို့ ရဲဘော်တွေအားလုံး ဘေးကင်းပါတယ်” ဟု Myingyan Black Tiger - MBT တပ်ဖွဲ့ ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ရှင်းပြသည်။
လားရှိုးကို စစ်တပ်က ၁ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်လုပ်ဆောင်ခဲ့ပြီး ပြည်သူ ၃ ဦးသေဆုံးကာ စစ်တပ်၏ သမိုင်းတွင် ထာဝရ အရှက်ရစေမည့် အပြုအမူဟု MNDAA ပြောဆို

ရန်ကုန်၊ စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက ၁ လအတွင်း လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ် လုပ်ဆောင်ခဲ့ပြီး အဆို ပါ တိုက်ခိုက်မှုများအတွင်း ပြည်သူ ၃ ဦးသေဆုံးခဲ့ကာ စစ်တပ်၏ သမိုင်းတွင် ထာ၀ရ အရှက်ရစေမည့် အပြုအမူဖြစ်ကြောင်း MNDAA က တရားဝင် ထုတ်ပြန်ပြောဆိုသည်။

လားရှိုးမြို့ကို ဩဂုတ်လကုန်မှစတင်၍ ယနေ့ စက်တင်ဘာ ၂၇ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၇ ကြိမ် လုပ်ဆောင်ခဲ့ခြင်းကြောင့်ဒေသခံ ၃ ဦး သေဆုံးကာ ၃၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ပွဲများ ငြိမ်သက်ပြီး ဒေသပြည်သူများ နေရပ် ပြန်လာကြပြီး အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြန်လည် စတင်နေချိန်၌ ထိုသို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း MNDAA က ပြောသည်။

စစ်ကောင်စီ၏ လုပ်ရပ်သည် "ပြည်သူတို့၏ အသက်အိုးအိမ်များကို လုံးဝဂရုမစိုက်ကာ ရက်စက်ကြမ်းကြုတ်သော အပြုအမူများသည် ပြည်သူတို့၏ ကဲ့ရဲ့ ရှုတ်ချခြင်းကို ထပ်မံခံရကာ သမိုင်းတွင် ထာဝရ အရှက်ရစေမည့် မဏ္ဍိုင်အဖြစ် ရှုတ်ချခံရမည်" ဖြစ်ကြောင်း MNDAA က ဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၃ နာရီ ၃၅ မိနစ်အချိန် စစ်တပ်က လားရှိုးမြို့ကို လေကြောင်းမှ ဗုံး ၃ ကြိမ် ကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း၊ ပထမဆုံး ဗုံးကျဲခံရသည့်နေရာမှာ လားရှိုးမြို့မစျေးဖြစ်ပြီး လားရှိုးတွင် အကြီးဆုံးသော ဈေးကြီးဖြစ်ပြီး ဆိုင်ခန်းများမနှင့် အဆောက်အအုံ ထက်ဝက်နီးပါး ဖျက်ဆီးခံရကြောင်း၊ ပြည်သူလူထုအတွက် ကြေကွဲဖွယ် အခြေအနေဖြစ်ကြောင်း သိရှိရသည်။

ယနေ့ နံနက်ပိုင်း ပထမလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ကာ မီးသတ်ဌာနမှ အချိန်မီရောက်လာပြီး မီးငြှိမ်းသတ်နိုင်ခဲ့၍ မီးထိန်းနိုင်ခဲ့ကြောင်း၊ ဒုတိယကြိမ် ဗုံးသည် ရပ်ကွက် ၂ ရှိ Green Park Hotel အနီးရှိ လူနေရပ်ကွက်တစ်ခုသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဟိုတယ်နှင့် အနီးနားရှိ လူနေအဆောက်အအုံများ ပျက်ဆီးကာ လမ်းများမှာလည်း ပြင်းထန်စွာ ပျက်စီးခဲ့ကြောင်း၊ တတိယအကြိမ် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုမှ ဗုံးများသည် ရပ်ကွက် ၁ နယ်မြေ ၈ တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း ၊ အဆိုပါ နေရာသည် လူနေထူထပ်ပြီးကြောင်း ၊ အာဏာသိမ်းတပ်ဖွဲ့များမှ ဤနေရာသို့ အနည်းဆုံး ဗုံး ၆ လုံး ကြဲချခဲ့ကြောင်း သိရှိရသည်။

လေကြောင်းမှ ကျဲချသော ဗုံးများသည် နယ်မြေ ၈ နေရာအတော်များတွင် ပြန့်ကျဲနေပြီး ဗုံး၏ စွမ်းအားသည် အခြားသော ဗုံးကျရောက်မှု အရွယ်များထက် သေးငယ်သော်လည်း ယင်းဒေသတွင် လူနေထူထပ်များပြားမှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာတွင် မပေါက်ကွဲသေးသော ဗုံးတစ်လုံးကိုလည်း တွေ့ရှိခဲ့ပြီး ၎င်းသည် အချိန်မရွေး အန္တရာယ်များ ဖြစ်စေလာနိုင်ကြောင်း၊ ထို့အပြင် အနီးနားရှိ စိုက်ပျိုးရေးဌာနဟောင်းတွင် ဗုံးနှစ်လုံးကျရောက်ခဲ့ကြောင်း MNDAA က ဆိုသည်။

ဓာတ်ပုံ- ယနေ့ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးနေသော လားရှိုးမြို့မစျေး။
လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာရှိ ပြည်သူ ၃ ဦးကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်

ရန်ကုန်၊ စက်တင်ဘာ ၂၇

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာမှ ပြည်သူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း Democracy Movement Strike Committee - DMSC မှ တာဝန်ရှိသူက တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ်က မောင်းမကန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို နေအိမ်ထဲထိ သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ဖမ်းဆီးခံရသူများ၏ ရုပ်အလောင်းများကို ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်ပိုင်းတွင် ကျေးရွာအနီး ဥယျာဥ်ခြံတစ်ခုထဲတွင် သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားသော ပြည်သူများ၏ အမည်စာရင်းကို လက်ရှိချိန်ထိ အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

"အဖမ်းမခံရခင် မောင်းမကန် ရဲစခန်းတိုက်ခိုက်ခံရပါတယ် နေ့လယ်လောက်မှာပါ။ ညနေပိုင်းမှာတော့ အခုလိုဖမ်း သွားတာပါ။ အဖမ်းခံရတဲ့လူတွေက သာမန် အရပ်သားတွေပါ ။ သူ့အိမ်မှာသူနေရင်းအဖမ်းခံရတာ"ဟု DMSC မှ တာဝန်ရှိသူက ပြောဆိုသည်။

သတ်ဖြတ်ခံရသူများသည် အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသား ၂ ဦးနှင့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသား ၁ ဦးတို့ ဖြစ်ပြီး ယခုကဲ့သို့ ဖမ်းဆီး သတ်ဖြတ်မှုများသည် အကြမ်းဖက် စစ်ကောင်စီတပ်က အရပ်သားများ အပေါ် စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းဖြစ်ကြောင်း Democracy Movement Strike Committee - DMSC က ထုတ်ပြန်ထားသည်။

"အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှုထပ်မံကျူးလွန်လိုက်တာပါ။ တစ်ဖက်က ငြိမ်းချမ်းရေးစကားပြောပြီး တစ်ဖက်မှာက အခုလိုပြည်သူတွေကို မတရားသတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ်ကို နိုင်ငံရေးအရ ဘယ်လိုမှ ယုံလို့မရနိုင်ပါဘူး" ဟု Democracy Movement Strike Committee - DMSC မှ တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။