PDF Insight
8.15K subscribers
1.05K photos
109 videos
218 links
လက်နက်ကိုင်တော်လှန်ရေး၏ စစ်ရေးဖြစ်ပေါ်တိုးတက်မှုများကို သိရှိစေရန် PDF Insight channel ကို ဖတ်ရှုပါ
Download Telegram
PDF Insight
Photo
မြန်မာလိုနိုင်ငံငယ်​တွေ အဖို့ကျ​တော့ အမြင်​တွေက အမြင်သီးသန့်လာ​နေတာမဟုတ်ဖူး၊ ဘက်လိုက်မှု​တွေ အကျိုးစီးပွား​တွေ​ တိမ်းညွှတ်မှု​တွေက နောက်ကွယ်ကပါ​နေတဲ့အတွက် ပကတိဖြစ်ရပ်ကို ပကတိအတိုင်းမြင်ဖို့ အကန့်အသတ်​တွေအများကြီး ဖြစ်လာတာဖြစ်တယ်။ ကိုယ်သွား​နေတဲ့လမ်း​ကြောင်းဟာ ကိုယ့်အကန့်အသတ်​ဘောင်ထဲကပဲဖြစ်လို့ ကမ္ဘာသိ​အောင်ရှင်းပြ​နေလို့မရပါဘူး။ ဝေဖန်​ရေးသမား​တွေ အစိုးရိမ်ကြီးသူ​တွေအတွက်လဲ အ​ဖြေ​တွေ အဆင်သင့်ရှိမ​နေပါဘူး။ မပြီးခင်အ​ခြေအ​​နေဟာ မပြီးခင်အတိုင်းပဲရှိပါလိမ့်မယ်။ သိုသိုသိပ်သိပ်ပဲရှိ​နေမှာပါ။ နောက်ဆုံး​အောင်ပွဲရပြီဆိုရင် ဆီးရီးယားကို ဘယ်လို ဆက်ဆံလာကြသလဲဆိုတာပဲကြည့်လိုက်ပါ။ဒါတောင် ထုံးစံအတိုင်း စိန်​ခေါ်မှုတို့ စိုးရိမ်တာတို့က ရှိနေပါ​သေးတယ်။အဲဒါ​ကြောင့်မပြီးခင်ဗမာမမြင်​စေနဲ့ဆိုတာအပြင် မပြီးခင် ကမ္ဘာကပါမမြင်ရင်ပို​ကောင်းမလားလို့ ထင်မိပါတယ်။ ဒါမှပဲ ဝေဝါး​စေတဲ့အရာ​တွေ ၊ အစအန​တွေဆွဲထုတ်ပြီး ရှုပ်​ထွေးသွား​စေတာ​တွေ နည်းသွား​စေကာ ကိုယ်သွားမယ့်လမ်းကို ဖြောင့်​ဖြောင့်တန်းတန်းသွားနိုင်မှာ ဖြစ်​ကြောင်းပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍12120
👍224
PDF Insight
Photo
ကမ်းခြေစစ်ဆင်ရေး နှင့် ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း
………………………………………….

ပြည်တွင်းစစ်ကာလ တလျောက်မှာ ဧရာဝတီတိုင်းဟာ တော်လှန်တိုက်ခိုက်သူတို့အတွက် အချက်အခြာကျတဲ့ နယ်မြေတရပ်အဖြစ် တည်ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပရဲ့ မြစ်ဝကျွန်းပေါ်တိုင်း (ဧရာဝတီတိုင်း) အရေးနိမ့်ပြီးတဲ့ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ ဧရာဝတီတိုင်းမှာ စစ်အာဏာရှင်တွေကို ခုခံတိုက်ခိုက်မှု မရှိသလောက်ဖြစ်ပွားပါတယ်။ ဒါပေမယ့် လက်ရှိ ပြည်သူ့ခုခံတော်လှန်စစ်ကာလမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေ ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ဧရာဝတီတိုင်းမှာ ပြန်လည်ပေါ်ထွက်လာပါတယ်။ အလားတူ ပင်လယ်ကမ်းရိုးတန်း နဲ့ ထိစပ်နေတဲ့ ကျန်တိုင်းတတိုင်းကတော့ တနင်္သာရီတိုင်းပဲ ဖြစ်ပါတယ်။ တနင်္သာရီတိုင်းဟာ အိမ်နီးချင်းနိုင်ငံနဲ့ ထိစပ်နေသလို၊ ကျွန်းစုတွေ အမြောက်အများတည်ရှိပြီး ပြောက်ကျားလှုပ်ရှားမှုအတွက် ရေခံမြေခံကောင်းတွေ ရှိနေပါတယ်။ လက်ရှိ ကာလမှာ တော်လှန်ရေး အင်အားစုတွေဟာ တနင်္သာရီတိုင်းမှာ ပြောက်ကျားလှုပ်ရှားမှုဟာမကဘဲ မြို့ပြဒေသတွေ၊ အဓိက လမ်းမကြီးတွေကိုပါ စိုးမိုးထားနိုင်နေပြီ ဖြစ်ပါတယ်။ ကမ်းခြေ ဒေသရှိတဲ့ တိုင်း (၂) တိုင်း ဖြစ်တဲ့ ဧရာဝတီတိုင်း နဲ့ တနင်္ဿာရီတိုင်းမှာ ခိုင်မာတဲ့ လွတ်မြောက်နယ်မြေ ထူထောင်နိုင်ရင် အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ တော်လှန်ရေး အင်အားစုအားလုံး အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိမှာ ဖြစ်ပါတယ်။ ခုခံတိုက်ခိုက်လို့ကောင်းတဲ့ နယ်မြေဖြစ်သလို၊ တော်လှန်ရေး ကုန်ထုတ်လုပ်ငန်း၊ နိုင်ငံတကာ ဆက်သွယ်မှု၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လုပ်ဆောင်နိုင်ပြီး လူထု ထိခိုက်မှု နှိုင်းရအားဖြင့် နည်းပါးစွာတဲ့ အကြမ်းဖက်စစ်တပ်ကို ချေမှုန်းတိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။

အရေးပါလှတဲ့ ဧရာဝတီတိုင်းစစ်မျက်နှာအတွက် “တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)” ကို စစ်ကြောင်း၊ တပ်ရင်း၊ ဗျူဟာ အဆင့်ဆင့် နဲ့ ဖွဲ့စည်းထားရှိပြီးဖြစ်တယ်လို့ ၂၀၂၄ ခုနစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ)က ထုတ်ပြန်ထားပါတယ်။ ဧရာဝတီမြေကို ထိုးဖောက်ရေး အတွက် မဟာမိတ် ERO များနဲ့ တည်ဆောက် တိုက်ပွဲဝင်နေတယ်လို့လဲ ပါရှိပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် (၂) စစ်ဒေသခွဲ၊ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) အောက်မှာ အမှတ် (၂၉) ဗျူဟာ (AYA PDF) ကိုလဲ ဖွဲ့စည်းထားရှိတယ်လို့ လူမှုကွန်ယက်သတင်းတွေ အရ သိရပါတယ်။ လက်ရှိကာလမှာ ရခိုင်ဒေသ က အာရက္ခ တပ်တော် ရဲ့ ထိုးစစ်ဟာ ရခိုင်-ဧရာဝတီ နယ်စပ်ထိကို ရောက်ရှိလာနေပြီဖြစ်ပါတယ်။ အဲဒီ အချိန်မှာ တိုင်းစစ်ဌာနချုပ် (ဧရာဝတီ) ဖွဲ့စည်းထားရှိမှု၊ အမှတ် (၂၉) ဗျူဟာ ထားရှိမှု သတင်းတွေ ပေါ်ထွက်လာတာဖြစ်ပါတယ်။ ရခိုင်ဒေသက အာရက္ခတပ်တော် ရဲ့ ထိုးစစ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် နဲ့ ပကဖ အဖွဲ့တွေရဲ့ ဧရာဝတီတိုင်းတွင်း ခုခံတိုက်ခိုက်မှုတွေ ပေါင်းစပ်သွားမယ်ဆိုရင် စစ်တပ်အတွက် လုံခြုံတဲ့ နောက်တန်း နယ်မြေ တခု ကင်းမဲ့သွားမှာဖြစ်ပါတယ်။ လက်ရှိကာလမှာ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်းအောက်ပိုင်းတချို့ နယ်မြေ၊ ရှမ်းတောင်ဒေသ တချို့ မှာသာ စစ်တပ် အနေနဲ့ နှိုင်းရအားဖြင့် လုံခြုံစွာ တည်ရှိနေတာဖြစ်ပါတယ်။ ဧရာဝတီတိုင်းမှာသာ ခုခံတိုက်ခိုက်မှု အခြေအနေ အကြီးအကျယ်ပေါ်ထွက်လာရင် လုံခြုံတဲ့ နောက်တန်း နေရာတခု ကို စစ်အုပ်စု ဆုံးရှုံးသွားရမှာ ဖြစ်ပါတယ်။

တနင်္ဿာရီတိုင်းကို ကြည့်ရင်လည်း လောင်းလုံမြို့နယ်က ကျောက်နီမော်စခန်း၊ တနင်္သာရီ-မောတောင် နယ်စပ် ကုန်သွယ်ရေး လမ်းပိုင်း၊ ရေဖြူမြို့နယ်၊ ရေကန်တောင် မိုက်ခရိုဝေ့ခ် စစ်စခန်း၊ တနင်္သာရီ မြို့တော် ထားဝယ်မြို့ပေါ်၊ အိမ်ရှေ့ပြင် ရပ်ကွက်၊ ဆင်ဆိတ်ရပ်ကွက် စတဲ့ ကျေးလတ် နဲ့ မြို့ပေါ်နေရာတွေမှာပါ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေးအဖွဲ့အသီးသီးက စစ်အုပ်စုကို ချေမှုန်းတိုက်ခိုက်နေပါတယ်။

စစ်မဟာဗျူဟာအရ အရေးကြီးလှတဲ့ ဧရာဝတီတိုင်း နဲ့ တနင်္သာရီတိုင်းမှာ ခုခံမှု အရှိန်မြှင့်လာချိန်၊ အာရက္ခတပ်တော်ရဲ့ ထိုးစစ် ဧရာဝတီတိုင်းနားထိ ရောက်လာချိန်မှာ “ကမ်းခြေစစ်ဆင်ရေး” ဖော်ဆောင်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၄ ခုနစ်၊ စစ်ရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီအတွက် ကမ်းခြေဒေသ တိုင်း (၂) တိုင်းမှာပါ စစ်အာဏာရှင်တွေဟာ ပြင်းထန်ခုခံတိုက်ခိုက်မှုတွေ ရင်ဆိုင်လာရတော့မှာပါ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍11811🥰8🫡2
44👍9👏2
PDF Insight
Photo
မြေပြန့်ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးလုပ်ဆောင်လာနိုင်တဲ့ PDF
…………………………….
အညာဒေသနဲ့မြေလတ်ဒေသတွေမှာ နယ်မြေသိမ်းပိုက်လာတာတွေ၊ စိုးမိုးနယ်မြေပိုမိုများပြားလာတာတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပကဖ တပ်တွေရဲ့ တိုက်စွမ်းရည် ပိုမိုကောင်းမွန်လာတာကြောင့် ဖြစ်ပါတယ်။ တော်လှန်ရေးကာလ ၃နှစ်ကျော် အတွင်း PDF တပ်တွေရဲ့ စနစ်တကျစုဖွဲ့မှု၊လေ့ကျင့်မှု၊ အမိန့်နာခံမှုတွေနဲ့ တပ်ရင်း၊ တပ်ဖွဲ့ အချင်းချင်း ချိတ်ဆက် တိုက်ခိုက်တာတွေ ပိုမိုတိုးတက်လာတာ တွေ့ရပါတယ်။ ယခင်တော်လှန်ရေးအစ ကာလတွေက PDF တပ်တွေဟာ ပြောက်ကျားတိုက်ပွဲတွေသာ ဖော်ဆောင်နိုင်ခဲ့ပါတယ်။ တပ်စိတ်အဆင့်၊ တပ်စု အဆင့်ချေမှုန်းရေးတွေ နဲ့ စခန်းငယ်လေးတွေကိုသာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ယနေ့အချိန်မှာတော့ ရန်သူ့စစ်ကြောင်းကို စစ်ကြောင်းလိုက်ချေမှုန်း တိုက်ခိုက်တာတွေကို နေရာ၊ဒေသ တော်တော်များများ တွေ့ရပါတယ်။

၂၀၂၄ ခုနှစ် ဩဂုတ်လမှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ အတွင်း စစ်ကိုင်းတိုင်း၊ပဲခူးတိုင်းတွေမှာ ရန်သူ့စစ်ကြောင်းလိုက်ချေမှုန်းရေး စုစုပေါင်း (၃) ကြိမ်ကို PDF တပ်တွေ နဲ့ ပကဖတွေ ရရှိထားပါတယ်။

🔺 ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမ၊ ရေငံကျေးရွာ အနီးမှာ အင်အား (၁၀၀) ကျော်ပါ စကစတပ် စစ်ကြောင်းကို PDFတပ်တွေက ဩဂုတ်လ (၂၄) ရက်နေ့မှာ တိုက်ခိုက်နိုင်ခဲ့ပါတယ်။စကစတပ်ဖွဲ့ဝင် အရာရှိ (၅) ဦး တပ်မ (၆၆) မှ ဗိုလ်မှူး အဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၁) ဦး၊ ရဲတပ်ရင်း (၁၀) မှ ရဲအုပ်အဆင့် (၁) ဦး နဲ့ ဒုရဲအုပ်အဆင့် (၂) ဦး အပါအဝင် (၂၀) ကျော် သေဆုံးကာ စစ်သုံ့ပန်း (၁၀) ဦး ရရှိခဲ့ပါတယ်။လက်နက်ကြီး(၂)၊လက်နက်ငယ်(၂၈)လက်၊ကျည် (၂၃၆၁)၊ ကျည်ဘောက်မျိုးစုံ (၆၅) ခု၊ ငွေသား (၂၅) သိန်းကျော်၊ ဖုန်း (၈) လုံးသိမ်းဆည်းရရှိခဲ့ပါတယ်။
🔺 ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းက ဘုတလင်ကိုပြန်လာတဲ့ ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆)၊ ခလရ ၂၂၉၊ နမခတိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို စီပါရွာ‌ အနောက်တောင်ဘက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ကြိုတင်နေရာယူကာ စောင့်ကြိုတိုက်ခိုက်ခဲ့ပါတယ်။ စကစတပ်ဖွဲ့ဝင် (၃၃) ဦး သေဆုံး(အလောင်းရ) ပြီး လက်နက်ချအညံ့ခံသဖြင့် ဗိုလ်ကြီး (၂) ဦးပါ စစ်သုံ့ပန်း (၄၃) ဦး ဖမ်းမိခဲ့ပါတယ်။ လက်နက်မျိုးစုံ (၅၆) လက် နဲ့ ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့‌ပါတယ်။
🔺 ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၅ရက်နေ့ မှာ စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်၊ မှတ်ထိရွာနားမှာ ဗိုလ်ကြီး မျိုးမင်းသူ ဦးစီး စခတ-၈ အင်အား (၇၇) ဦး ပါ စစ်ကြောင်းကို PDF နဲ့ ပကဖ အဖွဲ့တွေ တိုက်ခိုက်ရာ ရန်သူ့စစ်ကြောင်းတခုလုံး နီးပါး ချေမှုန်းခံခဲ့ရပါတယ်။ ရန်သူ့ထံက လက်နက်ငယ် (၅၁) လက်၊ လက်နက်ကြီး (၃) လက်၊ ကျည်မျိုးစုံ (၃၀၀၀) ကျော် နဲ့ Jammer စက် (၁) လုံး သိမ်းစည်းရရှိခဲ့ပါတယ်။

အထက်ပါ စစ်ကြောင်းချေမှုန်းရေး ဖြစ်စဉ် (၃) ခု ကို ကြည့်ရင် ပဲခူးရိုးမ လက်ပံတန်းမြို့နယ်၊ ဘုတလင်မြို့နယ် နဲ့ ဝက်လက် မြို့နယ်တို့မှာ ပြီးခဲ့တဲ့ (၅)လတာကာလ အပိုင်းအခြားအတွင်းမှာ ဖြစ်ပွားခဲ့တာ သိနိုင်ပါတယ်။ စစ်ကိုင်းအထက်ပိုင်း အညာနယ်မြေမှာသာမကဘဲ ရန်သူ့ တပ်ရင်း၊ တပ်မ အခြေစိုက်စခန်းများစွာ နဲ့ လမ်းပန်းဆက်သွယ်ရေးလွန်စွာကောင်းမွန်တဲ့ ပဲခူးရိုးမ ဒေသမှာပါ စစ်ကြောင်းချေမှုန်းရေးတွေကို PDF နဲ့ ပကဖ တွေလုပ်ဆောင်နိုင်လာတာကို တွေ့ရပါတယ်။ အင်အားရာချီပါဝင်တဲ့ စစ်ကြောင်းတွေကို ချေမှုန်းလာနိုင်မှု ဖြစ်ပြီး ရှေ့လာမယ့် ကာလတွေမှာ မြေပြန့်ဒေသတွင်းမှာ ရာချီ အင်အားပါတဲ့ စစ်ကြောင်း ဆယ်ဂဏန်းတချို့သာ ချေမှုန်းနိုင်မယ်ဆိုရင် စစ်အုပ်စုအနေနဲ့ မြေပြန့်ဒေသပေါ် နှောင့်ယှက်နိုင်မှု တော်တော်ချိနဲ့သွားမှာဖြစ်ပါတယ်။ တဘက်မှာလဲ PDF တွေနဲ့ ပကဖ တွေ စုစုစည်းစည်းတိုက်ခိုက်နိုင်မှု၊ အမိန့်ပေးကွပ်ကဲမှု ကောင်းမွန်မှု၊ စစ်ရေးစွမ်းရည်ထက်မြက်လာမှုတွေကို စစ်ကြောင်းချေမှုန်းရေး တိုက်ပွဲတွေက ပြသနေပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍11829👏6🥰5🫡1
👍4018🥰4🫡2
PDF Insight
Photo
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ရဲ့ ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် (၂) စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များဟာ ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်ရင်းများဖြစ်တဲ့ ခမရ ၃၁၉၊ ခမရ ၆၀၁ နှင့် အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့ အထိ တလတာ ထိုးစစ်အပြီးမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ( ကျောင်းသားတပ်မတော် ) ရဲ့ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဒါ့အပြင် မံစီမြို့ကို ၂၀၂၄ ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်မှာတော့ မံစီမြို့မှာကျန်ရှိတဲ့ အကြမ်းဖက်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
94👍48🥰2🫡1
👍325👏2
PDF Insight
Photo
လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်မှု စနစ်တကျ ထူထောင်ရေး
…………………………………….
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ အဖွဲ့တွေရဲ့ ဟန်ချက်ညီ စစ်ကစားနိုင်ခဲ့မှုတွေကနေ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး ၊ တနင်္သာရီတိုင်းတွေမှာ မြို့ အများစုကို ဝိုင်းပတ် ပိတ်ဆို့ပြီး စိုးမိုးနယ်မြေ၊ ထိန်းချုပ် နယ်မြေ အများစုကို ထူထောင်နိုင်လာပါတယ်။ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ခြေကုပ်ယူကာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အပြီးသတ် ကျဆုံးရေး ထိုးစစ်ကြီးတွေ ထပ်မံ ထိုးစစ်ဆင် ဆင်နွှဲဖို့ဆိုရင် အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ လိုအပ်တဲ့ လူသူ ရိက္ခာတွေ အတွက် မိမိတို့ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွင်းမှာ ကုန်ထုတ်လုပ်ငန်းတွေကို စနစ်တကျ ဖန်တီးဖို့၊ စီမံခန့်ခွဲဖို့ လိုအပ်လာပါတယ်။ ဒါမှသာ နောက်လာမယ့် စစ်ရေးလှုပ်ရှားမှုကြီးတွေ နဲ့ ဒေသခံ ပြည်သူလူထု အတွက် လိုအပ်တဲ့ ရိက္ခာ နဲ့ ရင်းမြစ်တွေကို ဖော်ထုတ်နိုင်မှာပါ။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေမှာ နေထိုင်နေကြတဲ့ ပြည်သူလူထုရဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တွေဖြစ်တဲ့ ဆန် ၊ ဆီ ၊ ဆား ၊ ငရုတ် ၊ ကြက်သွန် ၊ ကောက်ပဲသီးနှံ ၊ အသားငါး ၊အဝတ်အထည်နဲ့ အသုံးအဆောင် ပစ္စည်းတွေကို ဖူလုံစွာ ရရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားရမယ့် အချိန်ကိုရောက်လာပါပြီ။ စစ်ကောင်စီထိန်းချုပ်ထားရာ မြို့တွေ နဲ့ ဒေသတွေဟာ စိုက်ပျိုး ၊ မွေးမြူရေး နဲ့ ရေလုပ်ငန်းတွေ အဓိက လုပ်ကိုင် အခြေချရာ နေရာဒေသတွေ မဟုတ်ဘဲ အဲ့လုပ်ငန်းတွေ အများစုဟာ အမျိုးသားညီညွတ်ရေး အစိုးရ သိမ်းပိုက် ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ကျေးလက်ဒေသတွေ အများစုမှာရှိပါတယ်။ ဒါ့အပြင် ၂၀၂၅ ခုနစ်အရောက်မှာ နယ်စပ် ကုန်သွယ်ရေး စခန်းအားလုံး နီးပါးရဲ့ ၅၆ ရာခိုင်နှုန်းကို တော်လှန်ရေး အဖွဲ့အသီးသီးက ထိန်းချုပ်ထားပါတယ်။ အဲ့ဒီအတွက် အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ နယ်မြေများအတွင်းမှ စိုက်ပျိုး မွေးမြူရေးနဲ့ ရေလုပ်ငန်း ထုတ်ကုန်တွေ ဖြစ်တဲ့ ကောက်ပဲ သီးနှံ ၊ အသား ငါး တွေကို မိမိတို့ ထိန်းချုပ်နယ်မြေများအတွင်း ဖူလုံစွာ စုဆောင်းရရှိရေးမှသည် အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ ရောင်းချနိုင်သည်အထိ အာဏာသိမ်း အကြမ်းဖက် လူသတ် စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ မြို့တွေကို ကြားခံ ကူးသန်းရောင်းဝယ်စရာ မလိုတဲ့ ကူးသန်းရောင်းဝယ်ရေး ကွန်ရက်လမ်းကြောင်းတွေ ဖော်ဆောင်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒါမှသာ အမျိုးသားညီညွတ်‌ရေး‌ အစိုးရအနေဖြင့် မိမိတို့ သိမ်းပိုက်ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအားတွေကို စစ်တပ်ထိန်းချုပ်ထားရာ မြို့တွေအပေါ် အကျိုးမပြုစေဘဲ အမှီအခိုကင်းကင်းနဲ့ ကူးသန်းရောင်းဝယ်နိုင်မှာ ဖြစ်ပါတယ်။

ထိန်းချုပ်နယ်မြေများအတွင်းက ပြည်သူ့ ကုန်ထုတ်စွမ်းအား နဲ့ ကူးသန်းရောင်းဝယ်ရေးတွေကိုသာ စနစ်တကျ စီမံခန့်ခွဲနိုင်မယ်ဆိုရင် ငွေကြေးလည်ပတ် စီးဆင်းရေးတွေကိုပါ အလိုအလျောက် ထိန်းချုပ် စီမံခန့်ခွဲ နိုင်လာမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီဂျစ်တယ် ငွေကြေးတွေဖြစ်တဲ့ NUG PAY အသုံးပြုမှု ပိုများလာမှာဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ထိန်းချုပ်နယ်မြေတွေအတွင်းက ပြည်သူ့ကုန်ထုတ်လုပ်မှု ၊ ကူးသန်းရောင်းဝယ်ရေး နဲ့ ငွေကြေးလည်ပတ် စီးဆင်းရေးတွေကို စစ်ကောင်စီတပ် ထိန်းချုပ်ထားရာ ကွန်ရက်စနစ်တွေမှ အမှီအခို ကင်းလွတ်အောင် ဆောင်ရွက်ထားနိုင်ရင် စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကို ပြည်သူအများစု ကင်းလွတ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် စစ်တပ် ပြိုလဲပြီးတဲ့နောက်မှာ ဖြစ်လာမယ့် ကုန်ထုတ်လုပ်မှု၊ ကူးသန်းရောင်းဝယ်မှု နဲ့ ငွေကြေး စီမံမှု လေဟာနယ်ကိုလဲ အချိန် နဲ့ တပြေးညီ ဖြည့်စည်းပေးနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ တော်လှန်ရေးတွေကိုကြည့်ရင် တော်လှန်ရေး အဖွဲ့အစည်းတွေဟာ လွတ်မြောက်ဒေသ ကုန်ထုတ်လုပ်ငန်းကို စနစ်တကျ ထူထောင်လေ့ရှိတာကို တရုတ်ပြည်တွင်းစစ်ကနေ ဆီးရီးယား ပြည်တွင်းစစ် အထိ တွေ့နိုင်ပါတယ်။ တရုတ် ပြည်တွင်းစစ် ကာလမှာလဲ တရုတ်ကွန်မြူနစ်ပါတီဟာ လွတ်မြောက်ဒေသမှာ လူထု ထောက်ခံမှု၊ တပ်ရဲ့ ကူညီပါဝင်မှု နဲ့ ကုန်ထုတ်လုပ်ငန်းအသီးသီးကို ထူထောင်ခဲ့ပါတယ်။ ဆီးရီးယား ပြည်တွင်းစစ်မှာလဲ အာဆတ် အာဏာရှင်တပ်ကို အပြီးသတ် အနိုင်ယူခဲ့တဲ့ HTS အဖွဲ့ဟာ သူ့ရဲ့ လွတ်မြောက် နယ်မြေတွေမှာ ကုန်ထုတ်လုပ်ငန်း (Production) နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း (Public Services) တွေကို စနစ်တကျ ထူထောင်ထားရှိပါတယ်။ ကုန်ထုတ်လုပ်ငန်းတွေ လွတ်မြောက် ဒေသမှာ စနစ်တကျ ထူထောင်ထားရှိခြင်းဖြင့် စစ်ရေးလိုအပ်ချက်ကို ဖြည့်စည်းနိုင်သလို လွတ်မြောက်ဒေသ ပြည်သူတွေ အနေနဲ့လဲ သက်ဆိုင်ရာ တော်လှန်ရေးအစိုးရ အပေါ် ယုံကြည်အားကိုးစိတ် ပိုမိုဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် ရန်သူ ထိန်းချုပ် နယ်မြေမှာရှိတဲ့ ပြည်သူတွေ အနေနဲ့ တော်လှန်ရေး အစိုးရ အပေါ် အားကိုးမှု ပိုမို ဖြစ်ပေါ်စေပါတယ်။

လက်ရှိစစ်‌ရေးအခြေအနေကို ခြုံငုံနားလည်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
108👍47🥰6👏1
40👍17🫡5
PDF Insight
Photo
လမ်းတူမှ လူချင်းဆုံမှာပါ
…………………
တော်လှန်ရေးတရပ်ဆင်နွှဲလိုသူတွေဟာ မိမိအခြေအနေ၊ ရန်သူ့အခြေအနေနဲ့ ကမ္ဘာကြီးအခြေအနေတွေကို ကောင်းစွာသိနားလည်ကြဖို့လိုတယ်လို့ ဆိုကြတာဖြစ်ပါတယ်။ ဆန္ဒစွဲနဲ့ အခြေအနေတွေကို ပိုပြီးအကဲဖြတ်တာ လျော့ပြီးအကဲဖြတ်တာ လုပ်လို့မရပါဘူး။ အဲဒီလိုအကဲဖြတ်မှားရင် မိမိတို့ချမှတ်တဲ့ လမ်းစဥ် လုပ်ငန်းစဥ်အားလုံး လမ်းလွဲသွားမှာဖြစ်တယ်။ လမ်းလွဲတယ်ဆိုတာ တော်လှန်ရေးကိုနှောင့်နှေးသွားစေတာကစလို့ တော်လှန်ရေး ကျဆုံးတဲ့အထိဖြစ်သွားနိုင်တာပါ။ ဒီလိုသင်ခန်းစာတွေက ကမ္ဘာပေါ်က လက်နက်ကိုင်တော်လှန်ရေးတွေမှာ တွေ့မြင်နိုင်သလို မြန်မာနိုင်ငံကများပြားလှတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ ရှည်လျားလှတဲ့ သမိုင်းကြောင်းမှာ ယူလို့မကုန်အောင် ရှိနေတာဖြစ်ပါတယ်။
အကဲဖြတ်မှားတယ်ဆိုရာမှာလည်း အကြောင်းရင်းတွေက အမျိုးမျိုးရှိနိုင်တာဖြစ်တယ်။ ရှုပ်ထွေးလွန်းတဲ့ အခြေနေတွေကို လိုက်လို့မမှီတာ။ ကမ္ဘာကြီးရဲ့ အပြောင်းအလဲတွေမှာ လိုက်ပါသွားရတာမျိုးတွေမှာဆိုရင် အမှားတွေက ရိုးသားစွာမှားတဲ့အမှားမျိုးတွေဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ်ဘဲ ကိုယ့်ကိုယ်ကို လွန်ကဲတဲ့ အထင်ကြီးစိတ်နဲ့ လုပ်တဲ့အကဲဖြတ်ချက်မျိုးတွေကတော့ ရိုးသားစွာမှားတယ်လို့ ပြောလို့မရပါဘူး။ ဒါမျိုးက ကိုယ်ဖြစ်ချင်တာအတွက် အခြေနေအရပ်ရပ်ကို မှားယွင်းစွာအကဲဖြတ်ကာ ချနင်းတဲ့အထိ ဖြစ်နိုင်လို့ပါပဲ။
ဒီလိုခြေဆင်းတွေ ပြောရတဲ့အကြောင်းကတော့ ဒီတလော ဝေဖန်မှုများနေတဲ့ ငွေဆောင်ကိစ္စကြောင့်ပါပဲ။ အဲဒီအစည်းဝေးမှာပါသူ နှစ်ယောက်လောက်က ထွက်ပြောလာကြတော့ သူတို့ ရုပ်လုံးက အတော်ပေါ်လွင်လာလို့ပါ။ သူတို့ဟာ မိမိအခြေနေကို မှားယွင်းစွာ လျော့တွက်ထားတယ်။ တဘက်မှာ ရန်သူ့အနေအထားကိုလဲ မှန်ကန်စွာမသုံးသပ်နိုင်ဘူး။ နောက်ပြီး တချိန်လုံးစိုးရိမ်စိတ်လောက်ပဲ ဖော်ပြနေတဲ့ ကမ္ဘာကြီးကို လိုတာထက်ပိုအားကိုးချင်တာမျိုးဖြစ်နေတယ်။
သူတို့အပြောအရ မြန်မာ့အရေးစိုးရိမ်သူတွေ စိတ်ပါဝင်စားသူတွေ တိုင်းရင်းသားအချို့နဲ့ ဝါရင့်နိုင်ငံရေးသမား( ဘယ်လောက်ရင့်တယ်ဆိုတာ ဘယ်လိုအကဲဖြတ်လဲတော့မသိဘူး ) တွေပါတယ်လို့ဆိုတယ်။ သူတို့ဟာ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတယ် ( ဒါကလဲ ဘယ်လိုများကိုယ့်ကိုယ်ကို အဲ့လိုပြောရဲသလဲဆိုတာ မဝေခွဲတတ်ဖူး) လို့ဆိုတာဖြစ်တယ်။ ပြည်တွင်းနိုင်ငံရေးကို ကိုယ်စားပြုတာလား လမ်းပျောက်ပြီး ဘာလုပ်ရမှန်းမသိလို့ လူလဲသိ အဖမ်းလဲမခံရ အဆင်များပြေသွားခဲ့ရင် နေရာတောင်ရအုံးမယ်လို့ ထင်သူတွေကို ကိုယ်စားပြုတာလား ဆိုတာတော့ ရှင်းဖို့လိုပါတယ်။ ဒီနေရာမှာတော့ ယုန်လေး ရုပ်ရှင်ရိုက်သလို ဒီအခန်းလေးပဲပါပေးပါဆိုလို့ ဘာမှန်းမသိပဲ ပါလိုက်သူတွေလဲ ရှိနိုင်ပါတယ်။
ဒါက ဘာသဘောနဲ့မှပြောတာမဟုတ်ပါဘူး။ ပြည်တွင်းနိုင်ငံရေးက တဟုန်ထိုးနဲ့ တဆစ်ချိုးပြောင်းသွားခဲ့ပြီ ဖြစ်လို့ပါပဲ။ အဲဒါကို မျက်ခြေမပြတ်စေချင်လို့ပါ။ ၈၈ အခြေနေလောက်ပဲ စဥ်းစားသူဟာ ၈၈ မှာကျန်ခဲ့မှာဖြစ်သလို ၂၀၁၀လောက်က အိပ်မက်ကိုပဲ သတိရနေရင် အဲဒီနေရာမှာပဲ ကျန်ခဲ့မှာဖြစ်တယ်။ အခုဝရမ်းပြေးလောင်းဖြစ်နေတဲ့ မအလဟာ ၈၈ လောက်ကိုပဲအခြေပြုစဥ်းစားနေလို့ သူ့တပ်ကကျရှုံးနေတာဖြစ်တယ်။ အခုအခြေအနေက နှစ် ၇၀လောက်တိုက်လာတဲ့ တိုင်းရင်းသားတွေနဲ့ လူများစု ဗမာဒေသတွေက လက်နက်ကိုင်တော်လှန်ရေးမှာ ပေါင်းစပ်သွားတဲ့အခြေအနေဖြစ်တယ်။ ဒီတိုင်းပြည်မှာ မြေပြန့်နေ ဗမာတွေက လူဦးရေအများဆုံးဖြစ်တယ်။ ရခိုင်က လူဦးရေ ၂.၅ သန်းလောက်နဲ့ ရှမ်းလူမျိုးနဲ့မတိမ်းမယိမ်းဖြစ်တယ်။ တအာင်းက ရှမ်းပြည်နယ်မှာ တတိယအများဆုံးဖြစ်တယ်။ ဒီအင်အားတွေဟာ နယ်မြေအရ စီးပွားရေး လူမှုရေး အရလည်း နီးကပ်စွာ ဆက်စပ်နေတာဖြစ်တယ်။ ဒီအင်အားတွေနဲ့ ကရင် ကရင်နီ ချင်း ကချင်အားလုံးပေါင်းဟာ ဘယ်ခေတ်ကမှ မရဖူးတဲ့ အောင်မြင်မှုကိုရရှိနေတာဖြစ်တယ်။ ဒါတွေကို ငွေဆောင်သမားတွေသိပါတယ်။ သူတို့က လူတွေအရမ်းဒုက္ခရောက်နေတယ်။ တလရကလဲ သေချာတာမဟုတ်ဖူးဆိုတဲ့ နာရေးတစ်ဘက်ကိုသွားချင်အားကြီးနေတော့ ဒါတွေက သူတို့ ရေဒါမှာမပေါ်တော့တာပါ။ တကယ့်လက်တွေ့မှာ စစ်ကိုင်းကလူထုက ငါတို့အိမ်မီးရှို့ခံရလဲ ကြံ့ကြံ့ခံမယ်။ မင်းတို့ ဒီခွေးတွေကိုပြုတ်အောင်သာတိုက်ကြလို့ပြောနေတာပါ။ အာရကန်တွေကလဲ အဲဒီတိုင်းပြောနေတာပါပဲ။ ရန်ကုန် မန္တလေးလူထုကရော ဘယ်လို စဥ်းစားနေကြသလဲ။ ကြားရသလောက်ကတော့ ဘယ်သူမှ ဒါလောက်အခက်အခဲကို စာဖွဲ့မနေပါဘူး၊ "ကျွန်တော်တို့နားရောက်လာရင် တုတ်မှာ ဒီကောင်တွေကို ခုဓါးသွေးနေတာ" လို့ပြောသူတွေချည်းပါပဲ။ အဲတော့ ပြည်သူတွေသိပ်ခက်ခဲနေပြီ။ သူတို့ဝင်ကယ်မှ ဖြစ်တော့မယ်ဆိုတဲ့စိတ်ကူးကို ဘယ်လိုရခဲ့ကြတာပါလိမ့်။
👍619👏4💯1
PDF Insight
Photo
အဲဒီမှာပါသူတယောက်က ဒီလိုပြောတယ်" သူက နိုင်ငံရေးတက်ကြွလှုပ်ရှားသူပါ၊ ဒါပေမယ့် လက်နက်ကိုင်တိုက်တာကိုတော့ သဘောမတူဘူးဆိုပဲ၊ နောက် ကျွန်တော်တို့က ရိုးရိုးပါတဲ့ နိုင်ငံရေးမပါပါဘူးတဲ့ ပြီးတော့ ပြည်တွင်းနိုင်ငံရေးသမားတွေကို ကိုယ်စားပြုတာပါတဲ့။ ဒါကိုအခြေခံပြီး တိုင်းရင်းသားနဲ့အခြားသူတွေကို ဆက်ပြီးစည်းရုံးချင်တယ်ဆိုပဲ (သွားပြောလို့ကတော့ ဟိုက နားရင်းအုပ်လိုက်လိမ့်မယ်ထင်တယ်၊ ) သူတို့ကံကောင်းသွားတာက အခု သတင်းပေါက်သွားလို့ ခက်ခဲသွားတယ်တဲ့။ စကားပြောကြဖို့လိုတာ စကားပြောတာ ဆယ်နှစ်ကြာပစေ ကိစ္စမရှိဘူး။ အဲဒီအချိန်မှာ ပြန်လည်ထူထောင်ရေးလုပ်လို့ရတယ် ဆိုပဲ။ သူတို့ကြေညာချက်ကိုကြည့်ရင် အများကြိုက်မယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးဆိုတာပါတယ်။ တပ်ကကြိုက်မယ့် ရောက်တဲ့နေရာ အပစ်ရပ်ထားရေးပါတယ် ( ဘယ်လောက်ကြာမယ်မှန်းတော့ သိတာမဟုတ်ဖူး )။ နောက် တိုင်းရင်းသားကြိုက်မယ့် ဖက်ဒရယ်ဒီမိုကရေစီပါတယ်။ အဲတော့ အချိုပွဲ အချဥ်ပွဲ အစုံထည့်ထားတဲ့သဘောပေါ့။ ဒါပေမယ့် ကြောင်ကို ဘယ်သူချူဆွဲမှာလဲ။ ကျားကိုသက်သတ်လွတ်စားဖို့ တရားဟောလို့ရပါ့မလားဆိုတာတွေတော့ စဥ်းစားတဲ့ထဲ ပါပုံမရဘူး။
နောက်ဆုံးစဥ်းစားသင့်တာကတော့ အချိန်အခါဟုတ်ရဲ့လားဆိုတာပဲ။ စစ်ပွဲတွေဘယ်လောက်ဖြစ်ဖြစ် နောက်ဆုံးစားပွဲဝိုင်းမှာ အဆုံးသတ်ကြရတာပဲ ဆိုတဲ့စကားလည်း တချို့က အတော်ကိုးကားကြတာဖြစ်တယ်။ ဒါက အခြေအနေအရပ်ရပ်အပေါ်အများကြီးမူတည်ပါတယ်။ ပုံသေကားကျမဟုတ်ပါဘူး။ အခုဆီးရီးယားစစ်ကြည့်ပါလား။ စားပွဲဝိုင်းအဆင့်မရောက်ပဲ စစ်ရေးနဲ့ ကိစ္စပြတ်သွားတာမဟုတ်လား။ အခြားသောဥပမာအများအပြားရှိပါသေးတယ်။ အဲတော့ ဆွေးနွေးပွဲတခုဆိုတာ မဖြစ်မနေလုပ်ကြရမယ်ဆိုတဲ့သဘောမဟုတ်ဘူး။ သူတို့နဲ့ အလွန်နီးစပ်တဲ့ ထိုင်းရောက် ဆရာတဦးကလဲ pre election ဆွေးနွေးပွဲတို့ post election ဆွေးနွေးပွဲတို့ ရှိတတ်ကြတာပဲ ဆိုပြီး နှပ်ကြောင်းပေးတာလဲတွေ့ရပါတယ်။ အဲတော့ အရင်က ဒေါ်စုကို အလွန်ဆန့်ကျင်ခဲ့သူတွေ အခု ပြန်တမ်းတနေကြပုံပဲ။ NLD အစိုးရလက်ထက် ၂နှစ်ပဲရှိသေးချိန်မှာ ကျွန်တော်တို့က ဘယ်လောက်စောင့်ရမှာလဲ ဆိုပြီး အော်ခဲ့တာလည်း သူတို့ထဲက ငစွာလေးတယောက်ပါပဲ။ ဇာတ်ပေါင်းလိုက်သော် ဤ သူကား ဘုရားအလောင်းတည်း ဤသူကား ဒေဝဒတ်အလောင်းလျာတည်းလို့တော့မပြောပါဘူး။ ဒါပေမယ့်ပါးစပ်ဟလိုက်တာနဲ့ ကြိတ်မယ့်ဝါးမယ့် သွားအတော်များများကိုတော့ တွေ့နေမိပါတယ်။
ရိုးရိုးလေးပဲစဥ်းစားကြပါ။ ဒီလမ်းကြောင်းက စစ်တပ်ကရွေးချယ်ခဲ့တာပါ။ သူဖန်တီးခဲ့တာပါ။ ဒေါ်စုကို မလွှတ်ရုံသာမက ဘယ်သူမှအတွေ့မခံရဲတာဟာ ပြည်သူနဲ့တသားတည်းရှိနေလို့ဆိုတာရှင်းပါတယ်။ မအလဟာ သာမန်စစ်အာဏာသိမ်းဗိုလ်ချုပ်တယောက်မဟုတ်ပါဘူး။ စစ်တပ်ရဲ့ ဆိုးဝါးတဲ့ အမွေအားလုံးကို ဆက်ခံထားသူဖြစ်တဲ့အပြင် လူတဦးချင်း အငုံ့စိတ်တွေ၊ ဒေါ်စု (အဓိကတော့ တပ်တွင်းအရိုးစွဲ နေတဲ့အမျိုးသမီးအထင်သေးစိတ်) နဲ့ယှဥ်ပြိုင်လိုစိတ်တွေ ၊ ဥာဏ်ပညာနုံနည်းမှုတွေ ပေါင်းထားတဲ့ အစုအဝေးတခုပါပဲ။ အဲဒီနေရာကို ဘယ်သူထိုင်ထိုင် ဒီအတိုင်းဖြစ်ဖို့များပါတယ်။ ဒီလိုလူသိုက်တွေကို ပြောင်းလဲလာဖို့က မဖြစ်နိုင်ပါဘူး။ စစ်ရေးနဲ့သာဆုံးဖြတ်ရမယ်ဆိုတာ အလွန်ရှင်းနေတာဖြစ်တယ်။ ဒီရက်ပိုင်း TNLA ထုတ်ပြန်ချက်ကိုကြည့်ပါ။ ဒီရက်ပိုင်း ဧရာဝတီတိုင်း ပဲခူးတိုင်း မကွေးတိုင်းထဲကို ထိုးဖောက်လာနေတဲ့ တိုက်ပွဲတွေကိုကြည့်ပါ။ ဝက်လက်နားကတိုက်ပွဲ ပဲခူးရိုးမအရှေ့ခြမ်း အနောက်ခြမ်းက တိုက်ပွဲတွေကိုကြည့်ပါ။ အမြန်လမ်းကိုရောက်လာတဲ့တိုက်ပွဲတွေကိုကြည့်ပါ။ အဲဒါတွေကနေဖြစ်ပေါ်တိုးပွားလာမယ့် ဖြစ်နိုင်ခြေတွေကို ခန်မှန်းကြည့်ပါ။ နှစ် ၇၀ အတွင်း မမျှော်မှန်းနိုင်ခဲ့တာတွေဆိုတာတွေ့ရပါလိမ့်မယ်။ စစ်တိုက်တာမလွယ်ပါဘူး။ အတော်လေးသင်ယူပြီး အတော်အရင်းအနှီးပေးရတာပါ။ ခုတော့ သင်ယူတဲ့အဆင့်ကျော်ခဲ့ပါပြီ။ လက်တွေ့ကျင့်သုံးနေကြပြီဆိုတာ ထင်ရှားနေပါတယ်။ ဒီအချိန်မှာ ဝေတေဝါးတား အာရုံထွေပြားစေတဲ့ အရာတွေလျော့ချပြီး လက်တွေ့ကျကျသုံးသပ်ကြဖို့ပဲလိုပါတယ်။ လမ်းကြောင်းတွေက ရှင်းပြီးသားပါ။ EAO ခေါင်းဆောင်များရော NUG ယာယီသမ္မတ ကပါ အလွန်ရှင်းလင်းတဲ့ လမ်းကြောင်းတွေ ချပြထားပြီးဖြစ်ပါတယ်။ ပြည်တွင်းနိုင်ငံရေးသမားတွေအတွက်လည်း ပင်မလမ်းကြောင်းကြီးနဲ့ မလွဲချော်တဲ့( စိတ်ပါရင် ) လုပ်စရာတွေရှိပါတယ်။ ကိုယ်ဖာကိုယ်တော့ ကြံကြရမှာပါ။ တနိုင်ငံလုံး ဒီလိုပဲ ကိုယ်လုပ်နိုင်တာလုပ်ပြီး သွားနေကြတာပါပဲ။ လမ်းတူမှ လူချင်းဆုံမှာပါ။ လမ်းမတူရင်လဲ ငြိမ်ငြိမ်လေးနေပေးခြင်းအားဖြင့် ကူညီနိုင်တာပါပဲ။ အဲလိုမဟုတ်ပဲ အနှောင့်အယှက်ဖြစ်လောက်အောင် ဆက်တိုးကြရင်တော့ စိတ်မကောင်းစရာဖြစ်မှာပါပဲ။

လက်ရှိစစ်ရေးအခြေအနေကို ခြုံငုံသုံးသပ်နိုင်ဖို့ PDF Insight ကို ဖတ်ရှုပါ။

#PDFInsight
👍12216👏4🥰3💯1
PDF Insight
Video
“အချိန်တခုမှာ စစ်ကောင်စီ ပြိုကျတော့မယ်”

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို သတင်းထောက် ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းခန်း ပြုလုပ်ထားတဲ့ ရုပ်သံကို ကူးယူဖော်ပြလိုက်ပါတယ်။
Credit - U Khin Maung Soe သတင်းစာမျက်နှာ

#PDFInsight
97👍27🥰4👏3😁3
Media is too big
VIEW IN TELEGRAM
''တာဝတိံသာ နတ်ရွာလော နတ်ရွာလော ''

ပင်းယခေတ်၊ ငါးစီးရှင်ကျော်စွာ ရေးသားထားတဲ့ ''မြင်စိုင်းရွှေပြည်'' ကာချင်းနဲ့အတူ သမိုင်းဝင် အထင်ကရ မြင်စိုင်းရွှေပြည် တည်ရှိရာဒေသဖြစ်တဲ့ ဆင်သမိုင်း နဲ့ကျော်ကြားတဲ့မြို့ကို ပြည်တော်ဝင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ကျောက်ဆည်ခရိုင်၊ တပ်ရင်း (၃) ဟာ ဆင်တပ်၊ ဗိုလ်ပါအခြံအရံပေါင်းများစွာနဲ့ တောတောင်အထပ်ထပ်၊ မြစ်ချောင်းအသွယ်သွယ်၊ အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ပြီး ချီတက်လို့လာနေပါပြီ.....

ကျောက်ဆည်ခရိုင်တပ်ရင်း - ၃ ရဲ့ ခွန်အားတက်စရာ စစ်ချီရုပ်သံကို ပြန်လည်ကူးယူဖော်ပြလိုက်ပါတယ်။

#PDF
#ကျောက်ဆည်ခရိုင်တပ်ရင်း၃
#ကျောက်ဆည်ဗျူဟာ
#PDFInsight
👍10355🥰9🔥3🫡3😁2