OCTOPUS (ရေဘဝဲ) 🐙
6.86K subscribers
1.22K photos
97 videos
353 links
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)
https://www.facebook.com/octopusyangon?mibextid=ZbWKwL
Download Telegram
OCTOPUS (ရေဘဝဲ) 🐙
Photo
စက်တင်ဘာ သံတမန်တိုက်ပွဲကာလ
လူထုအားလုံးပါဝင်ကြ 🚩

ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှ "စက်တင်ဘာ သံတမန်တိုက်ပွဲကာလ လူထုအားလုံးပါဝင်ကြ" စာတန်းအားချိတ်ဆွဲ၍ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရားဝင်သံအမတ်အဖြစ် လက်ခံဖို့အရေး သံတမန်တိုက်ပွဲတွင် ပြည်သူ့သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့အတူ လူထုတစ်ရပ်လုံးရပ်တည်ကြရန် နှင့်  Credential Camping တွင်ပါဝင်ကြရန် အသိပေးလှုံ့ဆော်သော လှုပ်ရှားမှုတစ်ရပ်ပြုလုပ်ခဲ့ကြသည်။

" နွေဦးတော်လှန်ရေးနိဒါန်းအစမှာထဲက အာဆီယံနဲ့ ကမ္ဘာ့ကုလသမဂ္ဂထံ ကျွန်တော်တို့တွေရဲ့ဆန္ဒကိုတောင်းဆိုခဲ့ပြီးသားဖြစ်ပါတယ်။အခုတစ်ခေါက်မှာလည်း အမြဲလိုလိုပူပန်နေတတ်တဲ့ ယူအန်လ်ကို လူအမှန်ရွေးချယ်တတ်စေဖို့အတွက် မိဘပြည်သူများအနေနဲ့ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ရဲရဲဝံ့ဝံ့ရပ်တည်နေတယ်ဆိုတာ သူတို့သိအောင်ပြသရပါမယ်။ကမ္ဘာ့ကုလသမဂ္ဂရဲ့ရွေးချယ်မှုဟာ ဒုတိယဖြစ်ပြီး ပထမဦးစားပေးဟာ မိဘပြည်သူတွေရဲ့သံအမတ်ကြီးနဲ့အတူရပ်တည်မှုပဲဖြစ်ပါတယ်။
ရပ်တည်မှုနဲ့အတူ Credential Camping မှာဘယ်လိုပါဝင်ရမလဲဆိုတော့ Online ကနေ ပုံစံ (၂) မျိုးနဲ့ပါဝင်နိုင်ပါတယ်။နံပါတ် (၁) လက်မှတ်ထိုးကြမယ် https://actionnetwork.org/petitions/myanmar-for-u-kyaw-moe-tun
နံပါတ် (၂) ဖေ့စ်ဘုတ်ပရိုဖိုင်ပြောင်းကြမယ်
https://twb.nz/credentialcampaign ဒီနှစ်ချက်နှင့်အတူ ကျွန်တော်တို့ရဲ့ရပ်တည်နေမှုကို ပြသကြပါစို့ခင်ဗျာ "ဟု ရေဘဝဲမှပြောကြားသည်။

ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သည် ၂၀၂၁ နွေဦးတော်လှန်ရေးအတွင်းပြည်သူလူထုမှပေါက်ဖွားလာသော အမှီအခိုကင်း၍ သီးခြားရပ်တည်လျက်ရှိသော အကြမ်းမဖက်လူထုလှုပ်ရှားမှုများကို ဆောင်ရွက်နေသည့် ပြည်သူ့အဖွဲ့အစည်းဖြစ်သည်။

#CredentialCampaign #UKyawMoeTun
#OCTOPUS #ရေဘဝဲ
OCTOPUS (ရေဘဝဲ) 🐙
Video
We Need Clickers (Click promo video)
YouTube link >>>>> https://youtu.be/PquCT0eQEVQ

အသက်ပေးရဲသူတွေပေးနေကြပြီ၊ ဘဝပေးရဲသူတွေပေးနေကြပြီ။ ကျွန်တော်တို့ရော ဘာတွေပေးရဲပြီလဲ။
အသက်၊ ဘဝ၊ ငွေကြေး၊ စည်းစိမ်တွေပေးမှ တော်လှန်တာမဟုတ်ပါ။ ကျွန်တော်တို့လက်ထဲမှာကိုင်ထားတဲ့ ဖုန်းတလုံး၊ ကွန်ပြူတာတစ်ခုကိုအသုံးချပြီး ခေတ်သစ် Digital ထောက်ပို့တပ်သားတစ်ယောက်အနေနဲ့ ပါဝင်ရင်း တော်လှန်ရေးရဲ့အဓိကသွေးကြော ငွေကြေးစနစ်အားကောင်းလာအောင် တော်လှန်လို့ရပါတယ်။

ကမ္ဘာပေါ်မှာ Digital စနစ် နဲ့ ငွေရှာပြီးတော်လှန်ရေးလုပ်တာ မြန်မာလူမျိုးတွေပထမဆုံးပါ။

ဒီ Video လေးကတော့ ကျွန်တော်တို့လိုလက်နက်မကိုင်နိုင်တဲ့မြေပြင်သပိတ်သမား‌တွေ၊ လမ်းပေါ်မတက်နိုင်ပေမယ့် အိမ်ထဲကနေအားတဲ့အချိန်တိုင်းထောက်ပို့နိုင်မယ့်ပြည်သူတွေ၊ နိုင်ငံရပ်ခြားရောက်နေပြီးပြည်တွင်းကိုအကောင်းဆုံးထောက်ပို့နိုင်မယ့်သွေးချင်းတွေအတွက် app တွေ၊ web တွေမှာ Click ပေးကြဖို့၊ YouTube မှာ ကြည့်ရင်း၊ နားထောင်ရင်း ကူပေးကြစေဖို့ တော်လှန်ရေးအင်အားစုများမှ တောင်းဆိုထားကြတဲ့ရုပ်သံလေးဖြစ်ပါတယ်။

ဒီ Video မှာ မန္တလေးသံဃသမဂ္ဂ၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း SC Strike, သင်္ဃကျွန်းလူငယ်အဖွဲ့အစည်း YAT၊ ရေဘဝဲ (ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်း) OCTOPUS, People Supply Force Yangon PSFY, Yangon Drone နှင့် ပြည်တွင်းပြည်ပတော်လှန်ရေးအင်အားစုများမှပါဝင်အားဖြည့်ပေးထားကြပါတယ်။ ပါဝင်ကူညီပေးထားကြပါသောအင်အားစုများနဲ့အတူ သတင်းအစီအစဉ်တင်ဆက်သူ မထက်ထက်အိနြ္ဒာအောင်၊ ကိုနေရှိုင်းနှင့် အခြားသောကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ရှိပါကြောင်း

Video တွင်ထည့်သွင်းအသုံးပြုထားသော clip များအားလုံးအတွက်လည်း ပိုင်ရှင်များအားလုံးကို ဤနေရာမှပင်အသုံးပြုခွင့်ပေးပါရန်တောင်းဆိုအပ်ပါသည်ခင်ဗျာ။

အရေးတော်ပုံ အောင်ကိုအောင်ရမည်

Thabate Click အဖွဲ့
၉ စက်တင်ဘာ ၂၀၂၂

Video လေးကိုကြည့်ရင်း channel ကို subscribe လုပ်ပေးသွားကြပါနော်။

#Thabate #Click #သပိတ်ကလစ်
#OCTOPUS #ရေဘဝဲ
OCTOPUS (ရေဘဝဲ) 🐙
Photo
Credential Challenge အပါအဝင် တော်လှန်ရေးရဲ့ လက်ရှိအခြေအနေနဲ့ လားရာအကြောင်း ... ပြည်သူတွေဆီက ရောက်လာတဲ့ မေးခွန်းတွေကို ကိုမင်းကိုနိုင် ဖြေဆိုသုံးသပ်ပြထားတာဖြစ်ပါတယ်။

မေး။ ။အာဏာရှင်(စကစ)ဟာမျက်မှောက်
ကမ္ဘာရဲ့ဗီလိန်ကြီး၊ကျူးကျော်စစ်တရားခံအရှုံးသမားကိုဘာဖြစ်လို့နိုင်ငံတကာမျက်လုံးတွေရှေ့မှာဆရာတင်ပြီးခယလိုက်ရတာလဲ။

ဖြေ။ ။သူအဲဒီလိုမိုက်ရူးရဲပါ့မလားလို့စိတ်ပူနေကြတာခုတော့အေးသွားပြီပေါ့၊ရှင်းပြတ်သွားပြီပေါ့။သူတို၂ယောက်ပေါင်းပြီးပူးချည်ပြီးတော့ချဉ်ဖတ်အိုးထဲခုန်ချသွားတာပါပဲ။ကမ္ဘာကြီးအတွက်တော့ရှင်းလင်းတဲ့သတင်းစကားရသွားတာပါ။

သူ့မှာမလုပ်မဖြစ်အကြောင်းရှိတယ်။ သူ့ကိုပြည်သူကလဲလက်မခံဘူး
အာဆီယံကလည်းအလာမခံဘူး။ တရုတ်ဝန်ကြီးချုပ်ကလည်းအတွေ့မခံဘူး။ဒီတော့သူဘာလုပ်မလဲ။သူ့တပ်ထဲမှာစည်းရုံးရေးပြသနာရှိသေးတယ်လေ။
အင်အားကြီးနိုင်ငံတခုနဲ့ဆက်ဆံရေးကောင်းပါတယ်လို့ပြချင်တာကိုး၊အားကိုးရမယ့်သူကိုယ်တိုင်က အရှုံးသမား၊UNမှာဆွေးနွေးခွင့်စတောင်းရတယ် ၊ယူကရိန်းကအထက်စီးရသွားပြီး တောင်းဆိုချက်တွေတင်းတင်းနဲ့တုန့်ပြန်တယ်၊ရုရှားအကျအဆုံးတွေဝန်ခံလာရပြီ၊

မေး။။အခုမအလရဲ့လျှို့ဝှက်စာထဲပါလာတာကအရှုံးကိုဝန်ခံတာလား။

ဖြေ။ ။သူများကိုလွှဲချတာဗျ ၊လူမဆန်အောင်ရက်စက်ကြမ်းကြုတ်ပြီးမှပြည်သူချစ်အောင်နေဆိုတော့ အသက်ထွက်မှဆေးကျမ်းလိုက်ရှာတာပဲ။ဒီလိုဖြစ်ရင်သူဒီလိုလွှဲချမယ်ဆိုတာ လူတွေသိပြီးသားပဲ ဒါတောင် ဒီနှစ်ရဲ့ပထမ လေးလပါတ်ကစာနော်၊ခုရက်ပိုင်းစခန်းတွေတခုပြီးတခုသူတို့အသိမ်းခံရ ဟက်တက်ကြီးတွေကွဲရတာတွေမလာခင်ကဗျ။

မေး။ ။လက်ရှိတော်လှန်ရေးရောက်နေတဲ့အနေအထားနဲ့နောက်ဘာဆက်ဖြစ်မလဲဘာလုပ်ကြမလဲဆိုတာလဲပြောပြပါ။

ဖြေ ။။အတိုဆုံးပြန်ကြည့်ရအောင်။

၁/ရှိတာနဲ့ပြန်ခုခံခဲ့တယ်။တူမီး /အမဲလိုက်
သေနတ်စသဖြင့်ရရာနဲ့ပြန်ချတာ၊

၂/ပြောက်ကျားတပ်တွေဖွဲ့တယ်၊

၃/အဲဒီပြောက်ကျားတပ်တွေစုပေါင်းပြီးစစ်ဆင်ရေးတွေလုပ်တယ်လေ။

တပြိုင်နက်မှာ NUG ရဲ့တပ်ဖွဲ့တွေရော ဒေသဆိုင်ရာလိုကယ်လ်ပီဒီအက်ဖ်တွေရော၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေရောပေါင်းပြီးတိုက်ခဲ့တယ်။”ခြွေစစ်” ပြောပါတော့။

ပြီးတော့ခုရောက်နေတဲ့အဆင့်ကတော်လှန်ရေးအင်အားစုတွေဟာကျေးလက်၊အဲဒီကနေတိုက်နယ်၊မြို့နယ်တွေခရိုင်တွေအထိလွှမ်းမိုးချုပ်ကိုင်ပြီးအဝေးပြေးလမ်းမကြီးတွေကိုလည်းခုနစ်ဆယ်ရာခိုင်နှုန်းထိန်းသိမ်းနိုင်ပြီ။

ဥပမာစစ်ကိုင်းတိုင်းမုံရွာမန္တလေးလမ်းပိုင်းကိုကြည့်ပါ။ကလေး/ယာကြီးလမ်းကိုကြည့်ပါ။တခြားလမ်းတွေများစွာရှိသေးတယ် နယ်စပ်ကုန်သွယ်လမ်းတွေအထိ ။ဒါတွေဟာစစ်ကောင်စီကိုမြို့ပြမှာပဲပိတ်ဆို့ထားလိုက်တာပဲ။
ကမ္ဘာ့တော်လှန်ရေးတွေအောင်မြင်ခဲ့တာဒီနည်းနာကိုများစွာကျင့်သုံးခဲ့ကြတယ်။

ဒီကာလဟာအပြင်းထန်ဆုံး အပင်ပန်းဆုံးပဲ။ဒါကြောင့်
တိုက်မယ်လို့သံဓိဌာန်ချထားတယ်လို့ပြောတာ။

အဲဒီလိုမြို့ပြတွေကိုပိတ်ဆို့နိုင်ပြီဆိုရင်ဗျူဟာအရပြောက်ကြားခုခံရုံမကဘူးရန်သူကိုပြန်ဝိုင်းနိုင်တဲ့အဆင့်။

ခြွေစစ်တုန်းကရလဒ်တွေအဖြစ်ရန်သူဟာ အင်အားချိနဲ့ပြီး အိုနာကျိုးကန်းတွေလက်ရုံးတပ်တွေ၊ ရဲတွေ၊နောက်အကျဉ်းဦးစီးပါမကျန် တိုက်ခိုက်နေရလို့အခြေအနေကအဲဒီကိုရောက်နေတာ စိတ်ဓာတ်ရေးရာအဆိုးဆုံးကျနေတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းတွေကကမ္ဘာမီဒီယာတွေမှာ မြန်မာ့နွေဦးတော်လှန်ရေးသုံးသပ်ချက်တွေကိုကြည့်ပါ။ကျွမ်းကျင်သူတွေရဲ့သုံးသပ်ချက်အရအင်အားသိပ်ကြီးတယ်ဆိုတဲ့စစ်တပ်လည်းပြိုကွဲတော့မယ်ဆိုတာကိုအရေးတယူထရေးနေကြပါပြီ။

ဒါတွေကအလေးအနက်ရေးနေကြတာပါ။ကမ္ဘာကြီးရဲ့စိတ်ဝင်စားမှုတက်လာတာ။ဘယ်သူနိုင်မယ်ဆိုတာတွက်ချက်နိုင်ပါပြီ။ ဒီကာလ(နောက်ဆုံးအားပြိုင်မှု)ကကြမ်းတမ်းပါတယ်၊ဒါပေမဲ့ဒါလွန်သွားရင်တော့ကုန်းဆင်းများလိုပဲအရှိန်နှင့်တွန်းချလိုက်ရုံကျန်ပါတယ်။

မေး။ ။အခုစစ်တပ်ထဲ ဖွဲ့စည်းပုံရော စစ်ကြောင်းအလိုက်ပျက်တာတွေရော ဘယ်လိုဆက်ဖြစ်လာမလဲ။

ဖြေ။ ။အဓိကက ကျင့်ဝတ်ပျက်ခဲ့တာကိုး ပြည်သူအပေါ်သစ္စာပျက် ရက်စက်ကြမ်းကြုတ်တော့ ပြည်သူက သဘာဝကျကျတုန့်ပြန်တာ ခံရတော့ သူတို့ပျက်တာပဲလေ။
အက္ခရာသင်္ချာမှာ AP /GPတွေမှတ်မိတယ် မဟုတ်လား အခုတပ်ဟာ ပြည်သူ့ဆန့်ကျင်ခံရလို့ ပေါင်းပွါးကိန်းနဲ့ပြိုမှာမကဘူး ။မြှောက်ပွါးကိန်းနဲ့ပြိုမှာ သူတို့ကိုယ်တိုင်သိနေပါပြီ ။တပ်သားသစ်တယောက်သိန်းသုံးဆယ်ပေး
ဝိုင်းလုဝယ်နေရတာကြည့် ။ပိုက်ဆံလက်ငင်းပေးမယ် ဆိုတာပါသေး။
ရယ်စရာအကောင်းဆုံးက ရှေ့တန်းမထွက်ရအောင်စီစဉ်ပေးမယ်ဆိုတာကိုတော့ ခြင်းကြားကြီးကျောပိုးရမှ သိလိမ့်မယ်ဆိုတာပါပဲ။

မေး။ ။အခုပြည်သူတွေအတွက် ဘယ်နေရာတွေမှာအားစိုက်ကူရမလဲ အမြန်ဆုံးအောင်ချင်ကြပြီဗျာ။

ဖြေ။ ။ဟုတ်ကဲ့အပြည့်အဝနားလည်ပါတယ်ဗျာ။ ဘဏ္ဍာရေး သံတမန်ရေးနယ်ပါယ်တွေမှာအားအပြည့်ကူကြပေါ့ဗျာ ။ ကိုယ်ရရှိထားတဲ့ခြေ ကုပ်မြဲရမယ် ပြန်မလျှောကျစတမ်းတက်ရမယ်၊အခုပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းအမည်ပေါက်နေရာမြဲဖို့ လှုပ်ရှားမှုပေါင်းစုံမှာအားအပြည့်ပါကြပါ။
OCTOPUS (ရေဘဝဲ) 🐙
Photo
ဘဏ္ဍာရေးမှာလည်းပြည်သူ့အားပေးချက်က စံချိန်သစ်တွေတင်နေတာ၊စစ်တပ်ထဲတော့ဒီသတင်းတွေကအာဏာရှင်ကျဆုံးခန်း သွေးပျက်စရာပဲ၊ပြည်သူနဲ့
တော်လှန်ရေးသမားတွေအတွက်တော့အားတက်ရ အောင်ပွဲတွေရနေတာ တွေ့ကြတဲ့အတိုင်းပဲ။ ကမ္ဘာကြီးကလည်းထုတ်ဖေါ်ချီးမွမ်းရုံမကဖိတ်ခေါ်ဆက်ဆံမှုတွေ လက်မလည်အောင်ရနေပါပြီ

ကျနော်တို့ပြောဘူးပါတယ်
“တော်လှန်ရေးဟာ
သနားစရာလို့စုပ်သပ်ခံရမည့်အစား
အားကျစရာကြီးလို့ ဝန်ခံရတဲ့အထိ
ခွါသံပြင်းပြင်းဒုံးစိုင်းလိုက်
နိုင်မြင်းဖြစ်ကြောင်းပြေးပြလိုက်တာပေါ့”

#မင်းကိုနိုင်
#SpringRevolution
#PVTV
OCTOPUS (ရေဘဝဲ) 🐙
Photo
စက်တင်ဘာ ၁၃၊ ၂၀၂၂ ပန်းပင်နီလမ်းဖြစ်စဥ် 🔴

အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများ၊အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီး၊ ရေဘဝဲ နှင့် မဟာမိတ်အဖွဲ့အစည်းများမှရဲဘော် (၁၅) ယောက်ကျော် အဆက်အသွယ်ပြတ်တောက်နေ

ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် လူထုတေးသံသီချင်းသံပြိုင်သီဆို၍ "UN Prove Your Existence For Justice" စာသားကိုကိုင်ဆွဲကာ ပြည်သူ့သံအမတ်ဦးကျော်မိုးထွန်းသည် ပြည်သူ့အသံ၊ပြည်သူ့အစိုးရကိုယ်စားပြုဖြစ်ကြောင်းနှင့် ပြည်သူ့သံအမတ်ကိုသာ ဆက်လက်အားပေးရပ်တည်ရန် UN ကိုတောင်းဆိုသည့် အကြမ်းမဖက်လှုပ်ရှားမှုပြုလုပ်နေကြစဥ်
အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများကိုအသုံးပြုကာ အရပ်ဝတ်များဖြင့် သေနတ်ပစ်ခတ်ဖမ်းဆီးခဲ့ကြသည်။

အဆိုပါအကြမ်းဖက် ဖမ်းဆီးခံရမှုဖြစ်စဥ်တွင်

- ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)

- အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံး(အကလ-ဗဟို)

- Myanmar Labour Alliance

- ဗမာ့လူငယ်ကွန်ရက်

- ပညာနန်း​တော်ကိုယ်ပိုင်​ကျောင်း​ကျောင်းသားများသမဂ္ဂ

- Owl Community 

- သတင်းထောက်များ အစရှိသောအဖွဲ့အစည်းအသီးသီးမှ အမျိုးသမီး၊အမျိုးသား၊LGBTQ နှင့်
အသက်မပြည့်သေးသောလူငယ်များ စုစုပေါင်း (၁၅) ယောက်ကျော် အဆက်အသွယ်ပြတ်တောက်လျက်ရှိပြီး ပစ်ခတ်ဖမ်းဆီးခံရပြီးနောက် မည်သည့်နေရာသို့ရောက်ရှိနေကြောင်းကိုမသိရ၍ အဖွဲ့အစည်းအသီးသီးနှင့် မိသားစုဝင်များမှအကြမ်းဖက်သူပုန်စစ်တပ်၏ လူမဆန်သည့် ညှင်းပန်းနှိပ်ဆက်မှုများအပေါ် အသက်အန္တရယ်ထိခိုက်မှုရှိမည်ကို အထူးစိုးရိမ်နေလျက်ရှိပါသည်။

#ကြည့်မြင်တိုင် #ပန်းပင်နီလမ်း
#OCTOPUS #ရေဘဝဲ
OCTOPUS (ရေဘဝဲ) 🐙
Photo
ရေဘဝဲတို့မှတ်ကျောက်တင်ခဲ့ပြီ ပန်းပင်နီနီ 🥀
(ပန်းပင်နီလမ်းဖြစ်ရပ်မှန်ပေါ်အခြေခံထားသည်)

"မင်းတို့တွေတစ်ယောက်မှမလှုပ်နဲ့၊ငါ-ိုးမသားတွေ"
ဟုသေနတ်ရှည်ကိုင်ထားသော အရပ်ဝတ်ခွေးတ
စ်ကောင် ကျွန်တော့်ရှေ့ဘွားခဲနဲပေါ်လာသည်။

အချိန် ညနေ (၄:၁၅)

" စစ်မချီခင် စစ်ချီတေးနားထောင်သွားကြပါ " ရေဘဝဲ ဆက်သွယ်ရေးကွန်ယက်ထဲ စာတစ်ကြောင်းဝင်လာသည်။Favourites Music ထဲမှထိပ်ဆုံးသီချင်းဖွင့်၍ နားကြပ်တပ်လိုက်သည်။

" ခြေတံလက်တံတွေ အခန့်မသင့်လို့ပြတ်သွားရင်တောင် ရှေ့ဆက်ရမယ့်နေ့စွဲတွေမမေ့ဘဲ၊မဆုတ်နစ်တဲ့ဇွဲလုံ့လနဲ့ အသစ်ထပ်ပြီးမွေးဖွားမယ့် ရေဘဝဲ"

Rap စာသားအပိုဒ်ရောက်သည့်အခါ ခေါင်းကိုလှုပ်ခတ်လိုက်သည်။မနက်ဖြန်ဆို ရေဘဝဲထဲဝင်ခဲ့တာ (၁) နှစ်ပြည့်ပြီ။အဖွဲ့ဝင်အဖြစ်လျှောက်ခဲ့တုန်းက ခက်ခက်ခဲခဲဖြေဆိုခဲ့ရသော စစ်ဆေးရေးစာမေးပွဲများကိုသတိရမိသည်။

နာရီတစ်ချက်ကြည့်လိုက်တော့ အချိန် ညနေ (၄:၃၀) ရှိပြီမို့ ရေဘဝဲ ရဲဘော်များနှင့် ချိန်းထားသောနေရာသို့ခပ်သွက်သွက်ထွက်လာခဲ့လိုက်သည်။

"ထုံးစံအတိုင်း ရေဘဝဲတွေအားလုံးကိုယ့်တာဝန်ကိုဂရုစိုက်ပြီးပုံဖော်ကြမယ်။ကင်မရာ၊ဘန်နာ ပြီးတော့ ဘန်နာကိုဖြန့်တဲ့အခါ UN Prove Your Existence For Justice ကိုတန်းဖြန့်တာနဲ့အတည့်ဖြစ်ပါစေ၊ရှေ့ထွက်မယ့်ရေဘဝဲတွေ မနေ့ညက တာဝန်ပေးထားတဲ့အတိုင်းမလွဲစေနဲ့နော်"

" စိတ်ချပါရှင့်၊ညီမတို့ သေသေချာချာလေ့ကျင့်ထားပါတယ်ရှင့်"

"ကျွန်တော့်ရေဘဝဲတွေအားလုံးအေးဆေးဖော်ဆောင်နိုင်မယ်ဆိုတာယုံကြည်ပါတယ်၊ဒါပေမယ့်စိတ်ထဲလေးလေးကြီးဖြစ်နေလို့" ကျွန်တော်ပြန်ပြောလိုက်သည်။

"မဖြစ်ပါနဲ့ တာဝန်ခံရာ၊ဒီပန်းပင်နီလမ်းမှာ ကားနဲ့ဖြိုခွင်းခံရပြီးမှ ကျွန်တော်တို့ရဲ့"ပြန်ဆုံနိမိတ်နဲ့ ရန်ကုန်သပိတ်" ကိုတောင်အေးအေးဆေးဆေးလုပ်နိုင်ခဲ့သေးတာပဲ၊အခုလည်းအဆပါ ဟား" ရဲဘော်တစ်ယောက်၏အားပေးသံကြောင့် ကျေနပ်မိသည်။

ဆက်သွယ်ရေးကွန်ယက်ထဲတွင် မဟာမိတ်အဖွဲ့အစည်းတွေရောက်ပြီလားလို့ စတင်စစ်ဆေးနေပြီ။မကြာခင်
သပိတ်တိုက်ပွဲစတော့မည်။

" မြေပြင်အခြေအနေစောင့်ကြည့်မှု ရေခဲပါ "

" ရေခဲပါ " "ရေခဲပါ " " ရေခဲပါ "

"  ရေဘဝဲမြေပြင်တာဝန်ခံကြားလား "

"ဟုတ်ကြားပါတယ်ဗျ" ဟုကျွန်တော်ပြန်ဖြေလိုက်သည်။

" ရေဘဝဲမြေပြင်တာဝန်ခံ နဲ့ ရေဘဝဲရဲဘော်တွေ ပန်းပင်နီလမ်းထဲစဝင်ပါ၊ကျန်တဲ့မဟာမိတ်အဖွဲ့အစည်းတွေခဏစောင့်နေပါဦးခင်ဗျာ"

အချိန် ညနေ (၄:၄၃)

ကျွန်တော်တို့ပန်းပင်နီလမ်းရောက်ခဲ့ပြီ။အခြေအနေကား မုန်တိုင်းမလာခင်လေညင်းခတ်နေသည့်နှယ် ...

" စ " ဟု ဆက်သွယ်ရေးကွန်ယက်ထဲမှအသံပေးသည်နှင့်ဘန်နာစဖြန့်ခိုင်းပြီး ဖွက်ယူလာသော ရေဘဝဲအလံတော်ကိုစထုတ်လိုက်သည်။

ထပ်မံ၍ " အဖွဲ့တစ်ဖွဲ့လမ်းထဲဝင်ဖို့လာနေလို့၊ခဏစောင့်ပေးပါတဲ့" ဟု ဆက်သွယ်ရေးကွန်ယက်ထဲမှအသံကြားရ၍ ကျွန်တော် ဘန်နာကိုအိတ်ထဲပြန်ထိုးထည့်လိုက်သည်။

စက္ကန့်ပိုင်းအကြာ " ရောက်ပါပြီ၊စပါတာဝန်ခံ" ဟု
ကြားရသည်နှင့် ဘန်နာကိုပြန်ဖြန့်လိုက်သည်။

ထိုစဥ်
" မင်းတို့တွေတစ်ယောက်မှမလှုပ်နဲ့၊ငါ-ိုးမသားတွေ"
ဟုသေနတ်ရှည်ကိုင်ထားသော အရပ်ဝတ်ခွေးတ
စ်ကောင် ကျွန်တော့်ရှေ့ဘွားခဲနဲပေါ်လာသည်။

အနီးရှိရပ်ထားသော ကားအကောင်းစားတစ်စီးပေါ်မှ ခွေးများအုပ်လိုက်ဆင်းလာသည်ကိုတွေ့ရသည်။
အားလုံးကြောင်၍ရပ်နေကြသည်။

" ခွေးဆွဲပြီဟေ့၊အားလုံးခွဲကြ " ကျွန်တော်အာခေါင်ခြစ်၍အော်လိုက်သည်နှင့် တစ်ပြိုင်နက် ဘန်နာပိတ်စကိုင်ထားသောရဲဘော်များမှ ခုနကစဝင်လာသည့် သေနတ်ရှည်ကိုင်ထားသောခွေး၏ မျက်နှာကို ပိတ်စဖြင့်ပြေးအုပ်သည်။မြင်ကွင်းရှေ့ သပိတ်ရဲဘော်များအင်အားမမျှသည့်နှယ် လုံးထွေးနေကြသည်။

ခွေးတစ်ကောင်က ကင်မရာကိုင်ထားသောမီဒီယာအစ်ကိုတစ်ယောက်ကိုလည်ပင်းကသိုင်းဖက်ထားသည်ကိုတွေ့ရသည်။

ကျွန်တော်သွားကူဖို့ပြင်နေစဥ် နံပါတ်တုတ်တစ်ချောင်းနဲ့ဘေးကဝင်ရိုက်သည်ကိုလှစ်ခနဲမြင်လိုက်၍ ငုံ့ရှောင်လိုက်သည်။ထွက်လမ်းအတိုင်းပြေးထွက်ကြဖို့ပြင်နေစဥ် ကျွန်တော်တို့ထွက်မည့် လမ်းကြားများကြားကနေ အရပ်ဝတ်များထပ်မံ၍ ပြေးတက်လာကြသည်။

" အကုန်ဖမ်းကွာ ချ၊မေ-ိုးလေးတွေ"

သူတို့ပြေးကန်သည်ကိုမြင်ရ၍ ကိုယ်ရှိန်သတ်လိုက်သည်။အရပ်ဝတ်ခွေးတစ်ကောက်ဟန်ချက်ပျက်၍ ကျွန်တော်ရှေ့ချော်လဲကျသွားသည်။

" မရိုက်ကြပါနဲ့၊သူတို့ဘာအပြစ်မှမလုပ်ထားပါဘူး၊တော်ကြပါတော့ " မဟာမိတ်အဖွဲ့အစည်းထဲမှရင်းနှီးနေသော အစ်မတစ်ယောက်၏ အော်ဟစ်သံကိုကြားရသည်။

" ဒိုင်း "
ဟူသောအသံကြားလိုက်ရသည်။

" ဟာ ကွိုင်ပဲ "
ဟုရေရွတ်ပြီးအံကိုကြိတ်၍ လှည့်ကြည့်လိုက်စဥ်  ခွေးတစ်ကောင်၏ သေနတ်ဒင်က ကျွန်တော့်ဂျိုစောင်းနားဝဲပျံလာသည်။

" ဒုတ် "
ခေါင်းထဲမိုက်ခနဲဖြစ်သွားသည်။အခြေအနေကိုအခွင့်ကောင်းယူကာ နောက်မှသော်လည်ကောင်း၊ဘေးမှသော်လည်းကောင်း ခွေးခြေထောက်ပျံများဝင်လာကြသည်။
လက်ထဲမှ ရေဘဝဲအလံတော်လွတ်ချခါနီး ဒူးထောက်၍ ထိန်းဖမ်းလိုက်သည်။ရေဘဝဲအလံတော် မြေခ၍မရ။ရှေ့မှခွေးတစ်ကောင်က ကျွန်တော့်လည်ပင်းအင်္ကျီစကိုဆွဲထူ၍ နရင်းအုပ်ချလိုက်သည်။ကျွန်တော်ခွေလဲကျသွားသည်။ဘာအသံမှနားထဲမကြားရတော့။နားစည်ထိသွားခြင်းဖြစ်မည်။
ခေါင်းမှတစ်ခုခုစီးကျလာသည်ကိုခံစားမိ၍ လှမ်းစမ်းလိုက်သည်။ရဲရဲနီသောသွေးများ။ကျွန်တော်ကြည့်၍ပြုံးလိုက်သည်။ခွေးများ၏ ခြေကန်ချက်များမှာ နံကြားသို့တရစပ်။
OCTOPUS (ရေဘဝဲ) 🐙
Photo
ကျွန်တော့်ကိုဂုတ်မှဆွဲကိုင်ကာ ခွေးကားပေါ်သို့တင်ကြသည့်အခါတွင်ကျွန်တော်မြင်ကွင်းထဲ မနေ့ညကအဖွဲ့အစည်း Meeting တွင် " လူထုတေးသံ " သီချင်းကိုအလွတ်ကျက်ထားဖို့အိမ်စာပေးထားတာ ရကြပြီလားမေးခံရသည်။

" ရပါပြီခင်ဗျာ " ဟူ၍ဖြေလိုက်သော်လည်းအမှန်စင်စစ်ကမကျက်ရသေး။ Meeting အပြီးတစ်ညလုံးကျက်ထား၍ မနက်ကျမှသာ အဆိုပါသီချင်းကိုကျေကျေလည်လည်ရသည်။

ကျွန်တော်ရပြီဖြစ်ကြောင်း ရေဘဝဲ နှင့် မဟာမိတ်ရဲဘော်အားလုံးကိုဆိုပြချင်သည်။စကားနည်းပေမယ့်ရေဘဝဲတွေဟာ ဉာဏ်ကောင်းသည့်အပြင်၊ ဇွဲလုံ့လပါရှိသည့်အကြောင်း ကြွားချင်သည်။

သို့သော် မည်သည့်အချိန်ကျမှ ဆိုပြရမည်မသိတော့ချေ။

" လူထုတေးသံကိုလေခံစား၊ဒေါသပြည့်လွှမ်းနေတဲ့တေးသံ၊ဖိနှိပ်မှုဒဏ်ကို ဆက်ပြီးသည်းမခံတော့မယ့်ဒို့ပြည်သူတွေအသံ "

#OCTOPUS #ရေဘဝဲ
#ကြည့်မြင်တိုင် #ပန်းပင်နီလမ်း
OCTOPUS (ရေဘဝဲ) 🐙
Photo
ပန်းပင်နီလမ်းဖြစ်စဥ်နှင့်စပ်လျဥ်း၍ သတင်းထုတ်ပြန်ခြင်း

စက်တင်ဘာ ၁၆ ရက်၊ ၂၀၂၂ ခုနှစ်

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် ရန်ကုန်မြို့၊ကြည့်မြင်တိုင် ပန်းပင်နီလမ်း(ယခင်ပန်းပင်ကြီးလမ်း)တွင် ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) မှဦးဆောင်၍ "UN Prove Your Existence For Justice" စာသားကိုကိုင်ဆွဲကာ အကြမ်းမဖက်လှုပ်ရှားမှု သပိတ်တိုက်ပွဲပြုလုပ်ရန်စီစဥ်နေကြစဥ် အကြမ်းဖက်သူပုန်စစ်တပ်မှ အိမ်စီးကားများကိုအသုံးပြုကာ အရပ်ဝတ်များဖြင့် သေနတ်ပစ်ဖောက်၊ရိုက်နှက်ဖမ်းဆီးခဲ့ကြရာ အဖွဲ့အစည်းအသီးသီးမှ လူငယ်လူရွယ်များ၊အသက်အရွယ်မပြည့်သူများ စုစုပေါင်း (၁၅) ဦးကျော် အကြမ်းဖက်ဖမ်းဆီးခြင်းခံခဲ့ရသည်။

ထိုသို့ အကြမ်းဖက်ဖမ်းဆီးခြင်းခံရသည့်ဖြစ်စဥ်တွင်
ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)၏ အဖွဲ့ဝင် (၆) ဦးပါဝင်ခဲ့ပြီး သက်ဆိုင်ရာမိဘအုပ်ထိန်းသူများ၏ တောင်းဆို၊ခံစားမှုများကို လေးစားလိုက်နာသောအားဖြင့် အဖွဲ့ဝင်များ၏ အမည်ရင်းများကို ဖော်ပြခြင်းမပြုတော့ပဲ အဖွဲ့အစည်းဝင်လျှို့ဝှက်အမည်များကိုသာ ဖော်ပြလိုက်ရပါသည်။

၁။ OCTOPUS Ground QC (လိင်စိတ်ခံယူကွဲပြားသူ)

၂။ OCTOPUS F1 (အမျိုးသမီး)

၃။ OCTOPUS F2 (အမျိုးသမီး)

၄။ OCTOPUS F3 (အမျိုးသမီး)

၅။ OCTOPUS M2 (အမျိုးသား)

၆။ OCTOPUS M3 (အမျိုးသား) တို့ဖြစ်ကြပါသည်။

မည်သို့သောအကြမ်းဖက် ရက်စက်ယုတ်မာမှုများဖြင့် ဖိနှိပ်နေပါစေ မိမိတို့ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) အနေဖြင့် ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကာ စစ်အာဏာရှင်စနစ်အလုံးစုံပျက်သုဥ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် ပြည်သူလူထုနှင့်အတူ ယခုထက်ပို၍ အားသွန်ခွန်စိုက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အသိပေးပြန်ကြားအပ်ပါသည်။

ရေဘဝဲအလံတော်ကို လက်ဆင့်ကမ်းလွှင့်ထူကြ

ပြည်သူ့အရေးတော်ပုံ မုချအောင်မြင်ရမည်။

#OCTOPUS #ရေဘဝဲ #ပန်းပင်နီလမ်း
OCTOPUS (ရေဘဝဲ) 🐙
Photo
ကလေးပါမကျန် သတ်တဲ့ဖက်ဆစ်တပ်
ပြည်သူအားနဲ့ အမြစ်ဖြတ် 🚩

လေကြောင်းစစ်ဆင်ရေးဖြစ်တဲ့ ရဟတ်ယာဥ်နဲ့ တိုက်ခိုက်မှုတွေအပြင် မြေပြင်ကြည်းတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ် ( ၁၃) ဦးသေဆုံးခဲ့ရပြီး ကျောင်းသားနှင့် ဆရာ၊ဆရာမ အယောက် (၂၀ ) ကျော်ကိုပါ ထပ်မံဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ ဖြစ်ရပ်ဟာ အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင် စစ်အုပ်စုရဲ့ လူမဆန်တဲ့ စစ်ရာဇာဝတ်မှု နောက်တစ်မှုဖြစ်ပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ၎င်းတို့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအား ဖုံးကွယ်ရန် ကြိုးစားကာ မျက်မြင်သက်သေများဖြစ်သော ဖမ်းဆီးခေါ်ဆောင်သွားခံခဲ့ရတဲ့ အပြစ်မဲ့ ဆရာ၊ ဆရာမများနှင့် ကျောင်းသားကလေးငယ် အယောက်(၂၀)၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုလည်း စိုးရိမ်ရပါသည်။

စစ်အာဏာစသိမ်းကတည်းက ကလေးရော၊ လူကြီးပါ ရက်ရက်စက်စက်သတ်ဖြတ်မှုပေါင်းများစွာ ကျူးလွန်နေခဲ့ပေမယ့် ယခုတခေါက် ဖြစ်ရပ်ကတော့ စာသင်ကျောင်းထဲမှာ၊ စာသင်နေတဲ့ ကလေးတွေမှန်း သိသိကြီးနဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ ကွန်ဗင်းရှင်းများအရလည်း စစ်ပွဲတွေမှာတောင် ဆေးရုံ၊ စာသင်ကျောင်းများနှင့် ကလေးသူငယ်များကို အကြမ်းဖက်လို့မရဘူးဆိုတာ ရှင်းရှင်းလင်းလင်းကြီး ပါဝင်ပေမယ့် ဖက်ဆစ်စစ်တပ်ကတော့ လက်ရဲဇက်ရဲနဲ့ကို ကျူးလွန်ခဲ့ပါတယ်။

စာသင်ကြားနေချိန် လက်နက်ကြီးပေါင်းမြောက်များစွာနဲ့ ပစ်သတ်ခံရတဲ့ ကလေးသူငယ်များအတွက်၊ ကိုယ့်ကလေးရဲ့ အလောင်းပါပြန်မရတဲ့ မိဘများအတွက်၊ ဖမ်းဆီးခံရတဲ့ ကျောင်သားနှင့် ဆရာများအတွက် အစားထိုးမရတဲ့ ဆုံးရှုံးမှုဖြစ်လို့ တရားမျှတမှု ပြန်ရှာပေးရင်တောင် မလုံလောက်နိုင်ပါဘူး။ ထိုသူတွေရဲ့ ဆုံးရှုံးမှုတွေအတွက် ပြည်သူထုတရပ်လုံးက အသံထုတ်ပေးဖို့ လိုပါတယ်။ စိတ်အေးလက်အေး မနေဖို့ လိုပါတယ်။

ဖက်ဆစ်တပ်ဆီမှာ ဘယ်ဒေသမှာမလို့ ဘယ်သူမလို့ အေးချမ်းတယ်လို့ ခံစားနေရင် အကြီးအကျယ်မှားနေပါပြီ။ တနိုင်ငံလုံးမှာရှိတဲ့ အသက်အန္တရာယ်နဲ့ လုံခြုံမှုကို မည်သူမှ အာမခံမပေးနိုင်ပါဘူး။ ဒီနေ့မဟုတ်လည်း တနေ့ ဖက်ဆစ်တပ် အမြင်မကြည်တဲ့နေ့မှာ အခုအသက်ဆုံးရတဲ့ လူတွေရဲ့ နေရာမှာ ခင်များတို့ ကျွန်တော်တို့ မည်သူမဆို ရောက်လာမှာပါ။ အပြစ်မဲ့ကလေးငယ်များအတွက်၊ ကျဆုံးထိခိုက်ခဲ့ရသူများအတွက် တရားမျှတမှုပြန်ရှာဖွေနိုင်ဖို့နဲ့ ရှင်သန်ကျန်ရစ်နေသူများရဲ့ လွတ်မြောက်မှု၊ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့အတွက် ပြည်သူတရပ်လုံး အဆုံးစွန်သော ရုန်းကြွတော်လှန်ခြင်းနဲ့ပဲ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြရပါမယ်။

ကလေးသူငယ်တွေကို တန်ဖိုးထား၊ ချစ်တတ်တဲ့ လူအဖွဲ့အစည်းတိုင်း၊ နိုင်ငံတိုင်းက ဒီဖြစ်ရပ်အတွက် မျက်နှာမလွှဲဘဲ ဝမ်းနည်းခြင်းနဲ့ ကိုယ်ချင်းစာတရားကိုပြသဖို့လိုပါတယ်။ ကျူးလွန်ခဲ့သူတွေကို ထုတ်ဖော်ရှုံ့ချဖို့ လိုပါတယ်။ ဒါကြောင့် အရပ်ရပ်သော ကမ္ဘာ့နိုင်ငံများမှ ပြည်သူများ၊ အစိုးရများနှင့် အဖွဲ့အစည်းများအနေဖြင့်လည်း တရားမျှတမှုအတွက် မြန်မာပြည်သူများနှင့်အတူရပ်တည်ပေးကြဖို့နှင့် စစ်ကောင်စီ၏ လူမဆန်စွာ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ထိရောက်ပြင်းထန်စွာ အရေးယူနိုင်ရေးအတွက် အားထုတ်ကြိုးပမ်းပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။

လက်ယက်ကုန်း ပြည်သူများနှင့်အတူ ရပ်တည်ကြ..။
တရားမျှတမှုအတွက် တိုက်ပွဲဝင်ကြ…။

#လက်ယက်ကုန်း
#No_Justification_For_KillingChildren
#GSCB #OCTOPUS #ရေဘဝဲ
ရေဘဝဲမှ အချိန်ပိုင်းအတတ်ပညာရှင်များခေါ်ယူ 🔴🔵

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးအတွင်းပြည်သူလူထုမှပေါက်ဖွားလာသော အမှီအခိုကင်း၍ သီးခြားရပ်တည်လျက်ရှိသော ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း) သည် အကြမ်းမဖက်စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု လုပ်ငန်းစဥ်များအတွက်အချိန်ပိုင်းစေတနာရှင် -

(၁) ဘာသာစကားပြန် အတတ်ပညာရှင်များ

(၂) Graphic Designer အတတ်ပညာရှင်များ

(၃) Vector Art Designer အတတ်ပညာရှင်များ

(၄) ဗွီနိုင်းထုတ်ပေးနိုင်မည့် စေတနာရှင်များ ၏ ကူညီပံ့ပိုးမှုလိုအပ်လျက်ရှိနေပါသည်။

ပြည်တွင်းမှဖြစ်စေ၊ ပြည်ပမှဖြစ်စေ ဘာသာစကားပြန်၊ Graphic Designer၊ Vector Art Designer ၊ ဗွီနိုင်းထုတ်ပေးနိုင်မည့် စေတနာရှင် အတတ်ပညာရှင်များသည် ရေဘဝဲလူမှုကွန်ရက်စာမျက်နှာ OCTOPUS နှင့် တယ်လီဂရမ် @OCTOPUSoffice သို့လုံခြုံစိတ်ချစွာ ဆက်သွယ်
နိုင်ပါသည်။

#OCTOPUS #ရေဘဝဲ