Network Of Student Forces (NSF)
133 subscribers
49 photos
1 file
5 links
ကျောင်းသားအင်အားစုများကွန်ယက်
Download Telegram
ကျောင်းသားအင်အားစုများကွန်ယက်မှ ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းကြောင်းထုတ်ပြန်ကြေညာခြင်း
26
မွေးဖွားလာသည့်နှင့် လူသားတစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးကို ကျွန်မတို့သည် အပြည့်အဝ ရရှိနေပါရဲ့လား။ယခုကဲ့သို့ ကျဥ်းထဲကျပ်ထဲ ရောက်နေသည့် ကာလတွင် လူသားတစ်ယောက် ရ ရမည့် အခွင့်အရေးတိုင်းသည် ပိုမိုဆုံးရှုံးလာရ၏။၂၀၂၅ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင် ကျွန်ုပ်တို့ "ကျောင်းသားအင်အားစုများ ကွန်ယက်(NSF)"မှ "ကျဥ်းထဲကျပ်ထဲက လူ့အခွင့်အရေး" ခေါင်းစဥ်ဖြင့်  စကားဝိုင်း ပြုလုပ်မည် ဖြစ်ပါသည်။စကားဝိုင်းတွင်

(1)လူ့အခွင့်အရေးအပေါ် ကျုပ်တို့   အမြင်

(2)လူ့အခွင့်အရေး ဘယ်ကလာလဲ

(3)လူ့အခွင့်အရေး ဘယ်လိုချိုးဖောက်ခံနေရလဲ

(4)လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအပေါ် ဘယ်လို အရေးယူကြမလဲ

(5)ဘယ်မှာလဲ လူ့အခွင့်အရေး

ဆိုသည့် ခေါင်းစဥ်ခွဲ၅ခုဖြင့် Room၅ခုခွဲကာ ဆွေးနွေးကြမည် ဖြစ်ပါသဖြင့် ကျဥ်းထဲ ကျပ်ထဲ အခွင့်အရေး ဆုံးရှုံးနေသည့် မည်သူမဆို ကြိုက်နှစ်သက်ရာ roomထဲသို့ ဝင်ရောက်ဆွေးနွေးနိုင်ပါသည်။

Date-10.12.2025
Time-7:30Pm


Click https://us06web.zoom.us/j/82088051372?pwd=LvmUmGqjAPS59zncu1vgltnoOECsab.1 to start or join a scheduled Zoom meeting.
13🥰1
ရဲဘော်တို့ break out room က ထွက်တဲ့အခါ leave meeting ဖြစ်သွားခဲ့ရင် ပြန်ဝင်ခဲ့ပေးပါနော် main session မှာ အခမ်းနားအစီစဉ်တချို့ကျန်ပါသေးတယ်ရှင့်
13
နှစ်သစ်တွင် တော်လှန်ရေးရဲဘော်များနှင့် ပြည်သူပြည်သားများအားလုံး ကျန်းမာပြီး အောင်မြင်မှုများရရှိကာ ဘေးကင်းလုံခြုံကြပါစေ။

#NSF
35
ဗမာ့လွတ်လပ်ရေးနှင့် ပင်လုံဆန်းစစ်ချက်

ဇန်နဝါရီလ ၄ ရက်၊ ၂၀၂၆ ခုနှစ် တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည်မှာ နှစ်ပေါင်း၇၈ နှစ်ပင်ပြည့်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဗြိတိသျှကိုလိုနီနယ်ချဲ့တို့သည် ကျူးကျော်စစ် သုံးကြိမ်တိုင်တိုင် ဆင်နွှဲ၍ သိမ်းယူခဲ့ပြီး မြန်မာပြည်အောက်ပိုင်း၌ နှစ်ပေါင်း တစ်ရာမျှ မြန်မာပြည်အထက်ပိုင်းတွင် နှစ်‌ပေါင်း ၆၂ နှစ်မျှ အုပ်ချုပ်ခဲ့ပြီး ဇန်နဝါရီလ ၄ ရက်၊ ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ပြန်လည်ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ နု-အက်တလီစာချုပ်နှင့် ပင်လုံစာချုပ် ချုပ်ဆိုပြီးနောက်တွင် လွတ်လပ်ရေး ရရှိခဲ့ခြင်းဖြစ်သည်။
ပင်လုံစာချုပ်သည် "မြန်မာနိုင်ငံရှိတောင်ပေါ်မြေပြန့် တိုင်းရင်းသားများအားလုံး လွတ်လပ်ရေးရရှိအောင် အတူတကွ ကြိုးပမ်းကြမည်" ဟု ကတိပြုခဲ့ခြင်း ဖြစ်ပြီး၊ နု-အက်တလီစာချုပ်သည် "မြန်မာနိုင်ငံသည် လုံးဝ လွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံ"ဟု ကမ္ဘာကို အသိပေးခဲ့ခြင်း ဖြစ်သည်။ ထိုစာချုပ်နှစ်ခုလုံးသည် မြန်မာ့လွတ်လပ်ရေးနေ့ ပေါ်ပေါက်လာဖို့အတွက် မရှိမဖြစ် ထောက်တိုင်ကြီးများပဲဖြစ်ပါသည်။
နု-အက်တလီစာချုပ်သည် ဗြိတိသျှတို့မှ မြန်မာနိုင်ငံအား လုံးဝလွတ်လပ်သော အချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် အသိအမှတ်ပြုထားသော အချက် ၁၅ချက်ပါဝင်ပါသည်။ ထို၁၅ချက်တွင် အချုပ်အခြာအာဏာနှင့် သံတမန်ရေး၊ အပြည်ပြည်ဆိုင်ရာကတိကဝတ်များ၊ နိုင်ငံသားအခွင့်အရေး (အထူးသဖြင့် နှစ်နိုင်ငံ နိုင်ငံသားဖြစ်ခွင့် Dual Nationality ဆိုင်ရာ စည်းမျဥ်းများ)၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ အရေးယူဆောင်ရွက်မှုများ၊ စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက်များနှင့် အငြင်းပွားမှုများ ဖြေရှင်းခြင်း (ဖြစ်ပေါ်လာသော အငြင်းပွားမှုများကို နိုင်ငံတကာတရားရုံး(ICJ) သို့ ပေးပို့ဖြေရှင်းရန်) စသည်တို့ပါဝင်သည်။
ပင်လုံစာချုပ်၏ ရည်ရွယ်ချက်ကိုတော့ ကျွန်ုပ်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။ ပင်လုံစာချုပ်တွင် အဓိကအနေဖြင့် သဘောတူညီချက် (၉)ချက် ပါဝင်ပြီး ထိုအချက်များအနက် အမှတ်(၁)မှ (၄)တွင် အုပ်ချုပ်ရေးတွင် ကိုယ်စားပြုမှု သဘောတူညီချက်များကို အာမခံထားပြီး အမှတ်(၅)တွင် ဒေသတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် (Internal Administration)ကို အာမခံခဲ့ထားသည်။ ထိုအချက်သည် ပင်လုံစာချုပ်၏ အဓိကဗဟိုချက်ဖြစ်ပြီး နောင်တွင် ဆက်လက်ဖြစ်ပေါ်လာမည့် ပဋိပက္ခများ၏ အရင်းအမြစ်လည်းဖြစ်သည်။ အမှတ်(၆)တွင်မူ ကချင်ပြည်နယ်ဖွဲ့စည်းရေး ၊အမှတ်(၇)တွင် တောင်တန်းဒေသရှိ ပြည်သူများအား ဒီမိုကရေစီ အခွင့်အရေးနှင့် လူ့အခွင့်အရေးများ တန်းတူညီမျှမှု ရရှိစေရန် သဘောတူညီချက်ပါဝင်ပြီး အမှတ်(၈)နှင့် အမှတ်(၉)တွင်မူ ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ သဘောတူညီချက်များပါဝင်သည်။ ထိုပင်လုံစာချုပ်ကို မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဗိုလ်အောင်ဆန်းက ဦးဆောင်ခဲ့ပြီး ကချင်ကော်မတီ၊ ချင်းကော်မတီနှင့် ရှမ်းကော်မတီတို့ပါဝင်သည်။ ထိုပင်လုံစာချုပ်အားဖြင့် ဗမာ၊ရှမ်း ၊ကချင်နှင့် ချင်းလူမျိုးစုများသည် ပထမဆုံးအကြိမ်အဖြစ် လွတ်လပ်ရေးအတွက် အတူတကွ သွေးစည်း ရပ်တည်နိုင်ခဲ့ကြသည်။ ထိုညီညွတ်မှုကြောင့် လွတ်လပ်ရေးလမ်းကြောင်းကို ပွင့်စေခဲ့ပြီး နု-အက်တလီစာချုပ် အောင်မြင်စွာချုပ်ဆိုနိုင်ရေးအတွက် မရှိမဖြစ် အင်အားဖြစ်ခဲ့သည်။ သို့ပေမဲ့လည်း ထိုစာချုပ်တွင် အားနည်းချက် ၊ကန့်သတ်ချက်များ၊ မလုံလောက်မှုများ များစွာပါဝင်နေခဲ့သည်။ ပထမတစ်ချက်အားဖြင့် ဒေသတွင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်များကို စာချုပ်တွင် အာမခံထားခဲ့သော်လည်း မည်သို့သောအတိုင်းအတာနှင့် အာဏာပမာဏများကို တိတိကျကျ ရှင်းရှင်းလင်းလင်း သတ်မှတ်ထားခြင်းမရှိပါ။ ၎င်းသည်နောင်တွင် ဗဟိုအစိုးရနှင့် တိုင်းရင်းသားဒေသများကြား ဖြစ်ပေါ်လာခဲ့သော ပဋိပက္ခများအားလုံး၏ အဓိက ရေသောက်မြစ် ဖြစ်လာခဲ့သည်။ ဒုတိယတစ်ချက်အနေဖြင့် စာချုပ်တွင် ကရင်၊ မွန်၊ ရခိုင်အစရှိသော အခြားသော အဓိကတိုင်းရင်းသားလူမျိုးစုကြီးများ မပါဝင်သည့်အပြင် အခြားသောမည်သည့် လူမျိုးစုငယ်များလည်း မပါဝင်ချေ။ ထိုအချက်သည် လူမျိုးစုကိုယ်စားပြုမှုများ မပြည့်စုံခြင်းကို ဖြစ်စေပြီး ပြည်ထောင်စုမော်ဒယ်လ်ကို စဥ်းစားကြသည့်အခါတွင် ပေါ်ပေါက်လာသော ပြည်တွင်းပဋိပက္ခများအတွက် မျိုးစေ့ချပေးခဲ့သည့် အချက်တစ်ချက်ဖြစ်ပေသည်။ တတိယအချက်အနေဖြင့် ပင်လုံစာချုပ်သည် သဘောတူညီချက် စာချုပ်စာတမ်း (gentlemen's agreement) အသွင်သာရှိပြီး နိုင်ငံတကာဥပဒေအရ တရားဝင်စာချုပ် (သို့မဟုတ်) ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ၏ တစိတ်တပိုင်းမဟုတ်ခဲ့ချေ။ ထို့ကြောင့် ထိုစာချုပ်သည် ဥပဒေရေးအရ အကောင်အထည်ဖော်နိုင်မှု အားနည်းခဲ့ပြီး စာချုပ်တွင်ပါဝင်သူများ ကွယ်လွန်ပြီးနောက်တွင် အာဏာတည်မြဲမှု အားနည်းခဲ့သည်။ နောက်ဆုံးတစ်ချက်အနေဖြင့် စာချုပ်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးစနစ်မှ သတ်မှတ်ပေးခဲ့သော နယ်နမိတ်များကိုသာ အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ကိုလိုနိစနစ်၏ ဆိုးမွေများကို အမွေဆက်ခံခြင်းဖြစ်ပြီး အခြားသော ဒေသတွင်း နယ်နမိတ် ပဋိပက္ခများ (ဥပမာ- ရှမ်းပြည်နယ်နှင့် ဝဒေသ၊ ကိုးကန့်ဒေသ) ကဲ့သို့သော နယ်နမိတ် ပြဿနာများကို ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့‌ချေ။
9
အထက်ပါ တင်ပြခဲ့သော အားနည်းချက်များ ရှိခဲ့သည့်အပြင် စာချုပ်သည် အကြီးစား စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ (ဥပမာ- မြေယာပြုပြင်ပြောင်းလဲရေး ၊စက်မှုလက်မှု ဖွံ့ဖြိးရေး၊ ဘဏ္ဍာရေးမညီမျှမှု) စသည့် ရုပ်ဝတ္ထုနောက်ခံ အခြေအနေများကို ထည့်သွင်း စဥ်းစားခြင်း လုံးဝမရှိခဲ့ပေ။ ထို့အပြင် စာချုပ် ချုပ်ဆိုသူများမှာ နိုင်ငံရေး အထက်တန်းလွှာများ (ဗမာခေါင်းဆောင်များ၊ ရှမ်းစော်ဘွားများ၊ တောင်တန်းဒေသ ခေါင်းဆောင်များ) ဖြစ်ကြပြီး ဒေသခံလယ်သမား၊ အလုပ်သမား ၊ပြည်သူလူထု အများစုကြီး၏ တိုက်ရိုက်ကိုယ်စားပြုမှု ကင်းမဲ့ခဲ့သည်။ ဒေသခံလူထု၏ တစ်နေ့တာဘဝ၊ မြေယာနှင့် အလုပ်အကိုင်ဆိုင်ရာလက်တွေ့ ရုပ်ဝတ္ထုပြဿနာများကို ဖြေရှင်းရန်အတွက် စာချုပ်တွင် မည်သည့်မူဘောင်မျှ မရှိခဲ့ပေ။ စာချုပ်သည် အဓိကအားဖြင့် အောင်ဆန်း-အက်တလီစာချုပ်၊ နု-အက်တလီစာချုပ်နှင့် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေကြမ်းကို ရေးဆွဲရန် လမ်းဖွင့်ပေးခဲ့သော်လည်း ဗဟိုနှင့် ပြည်နယ်များကြား အာဏာနှင့် သယံဇာတ၊ ဘဏ္ဍာရေးနှင့် စီးပွားရေးဆိုင်ရာ အသေးစိတ်အချက်အလက်များကို ဖြေရှင်းပေးနိုင်ခြင်း မရှိခဲ့ပါ။ အချုပ်အားဖြင့်ဆိုလျှင် ပင်လုံစာချုပ်သည် ဗမာပြည် သမိုင်းဖြစ်စဥ်တွင် မရှိမဖြစ် ဆောင်ရွက်ခဲ့ရသော အထက်တန်းလွှာများကြား နိုင်ငံရေး သဘောတူညီချက် တစ်ခုသာဖြစ်ပြီး ဗမာပြည်၏နက်ရှိုင်းသော စီးပွားရေးနှင့် လူမှုရေးပဋိပက္ခများကို ဖြေရှင်းပေးနိုင်စွမ်းရှိသည့် ဖွဲ့စည်းပုံဆိုင်ရာ အပြောင်းအလဲတစ်ခု မဟုတ်ခဲ့ချေ။ ထို့အချက်များစွာကြောင့် စာချုပ်ပါ “ပြည်ထောင်စုစိတ်ဓာတ်” ဆိုသည်မှာ ပြောကောင်းရုံ ပြောနေကြသော ပုံပြင်တစ်ပုဒ်သာဖြစ်ခဲ့ပြီး လက်တွေ့ အကောင်အထည် ဖော်ရန်အတွက် လိုအပ်သည့် ရုပ်ဝတ္ထု အခြေခံများ ၊ရေမြေအခြေအနေများ၊ စနစ်တကျဖွဲ့စည်းမှုများ မရှိသေးသမျှ ပြင်းထန်သော ပဋိပက္ခများ၏ သင်္ကေတတစ်ခု အဖြစ်သာ ကျန်ရစ်ခဲ့မည်ဖြစ်သည်။

ပြန်ကြားရေးနှင့် လူထုဆက်ဆံရေးဌာန
ကျောင်းသားအင်အားစုများကွန်ယက်
19
လူသားတဦး၏ လူလားမမြောက်သေးခင် အရွယ်မှစ သေဆုံးချိန်အထိ သင်ကြား၊သင်ယူခြင်းလုပ်ငန်းစဥ်တခုဖြစ်သည့် ပညာရေးသည် လူသားဖြစ်ရခြင်း၏ အဓိကအခြေခံအချက်ဖြစ်သည်။လွတ်လပ်စွာပညာသင်ယူခွင့်ရရှိရေးသည် လူသားတိုင်းရသင့်ရထိုက်သည့် အခွင့်အရေးတရပ်ဖြစ်ပြီး၊ ထိုပညာရေးသည် ကျွန်ုပ်တို့ ဘ၀တစ်ခုလုံးအားလွှမ်းမိုးထားနိုင်သည့် အရာတစ်ခုပင် ဖြစ်သည်ဟုဆိုရမည်။


၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ၊ ၂၄ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ပညာရေးနေ့တွင် ကျွန်ုပ်တို့ "ကျောင်းသားအင်အားစုများကွန်ယက် (NSF)" မှ
" ပညာရေးရဲ့လွှမ်းမိုးမှုက လူထုအပေါ် ဘယ်လိုသက်ရောက်‌လေ့ရှိသလဲ"
ခေါင်းစဉ်ဖြင့် စကားဝိုင်းတရပ် ပြုလုပ်မည်ဖြစ်ပါသည်။

စကားဝိုင်း၌ Topicခွဲ (၂)ခုရှိမည်ဖြစ်၍

Room 1 တွင်
••• "စနစ်များ၏ရိုက်ခတ်မှုနှင့်လတ်တလောဗမာပြည်ပညာရေးအခြေအနေ"

Room 2 တွင်
••• "ပညာရေးထောင်ချောက်ထဲက အသက်ရှုပေါက်များ" တို့ဖြစ်ပါသည်။


ရှုထောင့်အမျိုးမျိုးမှ ဆွေးနွေးလိုကြသူ မည်သူမဆို မိမိနှစ်သက်သည့် Topicနှင့်ဆိုင်သည့် ဆွေးနွေး Roomများသို့ ၀င်ရောက်ဆွေးနွေးနိုင်ပါသည်။

ထို့ပြင် တက်ရောက်ဆွေးနွေးကြသူများ၏ ဆွေးနွေးချက်များကို စကားဝိုင်းသုံးသပ်ချက် ဆောင်းပါးအနေဖြင့် ပြန်လည်အသုံးပြုမည်ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်။

Date: 24/1/2026 (Sat)
Time: 7:00 P.M


Click https://us06web.zoom.us/j/81576912627?pwd=IAb4arNjv2r9IJbVJyeutlg13tCPkW.1 to start or join a scheduled Zoom meeting.
11
ယခုလာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဆိုလျှင် ကျွန်ုပ်တို့တိုင်းပြည်ရဲ့ ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်ဟာ ၅နှစ် တင်းတင်းပြည့်ခဲ့ပြီဖြစ်သလို ပြည်သူလူထုကြီးနှင့် တော်လှန်ရေးအင်အားစုများကလည်း နည်းအမျိုးမျိုးဖြင့် ဘက်ပေါင်းစုံမှ ဆန့်ကျင်တော်လှန်နေကြဆဲဖြစ်သည်။

တော်လှန်ရေးကာလ ၅နှစ်တာအတွင်း ကျွနု်ပ်တို့ ပြည်သူလူထုကြီးအနေနဲ့ လူနေမှုအဆင့်အတန်းနိမ့်ကျလာမှု စီးပွါးရေးကျဆင်းလာမှုများနဲ့အတူ ကျွနု်ပ်တို့၏လူမှုဘဝများသည် နေ့စဉ်အခက်အခဲများဖြင့်ရုန်းကန်နေကြရကာ လူထု၏လည်ပင်းကို အထွေထွေအကျပ်အတည်း ဟူသည့် ကြိုးသည် တရစ်ချင်း ရစ်ပတ်လာနေသည်မှာ အားလုံး မျက်မြင်ကိုယ်တွေ့ပင်ဖြစ်ပေသည်။

နေရပ်ကိုစွန့်ခွါပြီး ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရသည့် အလုပ်သမား လယ်သမားလူတန်းစားများနှင့် ၎င်းတို့၏ဇာတ်ကြောင်းများကို လုယက်ခံရခြင်း ပြဿနာများဟာလည်း တဆက်တည်း လိုက်ပါလာခဲ့ပါတယ်။

သို့နှင့် ဖေဖော်ဝါရီလ ၁ ရက် ည ၇ နာရီတိတိတွင် "၂၁တော်လှန်ရေး ၅နှစ်ပြည့် “ ဆွေးနွေးဝိုင်းတရပ်ကို ကျွန်ုပ်တို့ ကျောင်းသားအင်အားစုများကွန်ယက် ၊ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် အခြေခံပညာကျောင်းသားလူငယ်များအစည်းအရုံးတို့ ပူးပေါင်းကာ ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။

ထိုဆွေးနွေးဝိုင်းတွင်
၁။ ဝမ်းစာအပူနှင့် အက်ကွဲလာသော ဆီအိုး၊ဆန်အိုးကြီးများ
၂။ရွှေပြောင်းလုပ်သား ပြဿနာနှင့် ဇာတ်ကြောင်းများကို လုယက်ခြင်း
၃။ တော်လှန်ရေးကာလာ ၅နှစ်တာအတွင်း တွေ့ကြုခဲ့ရသော သင်ခန်းစာများ ပြန်လည်သုံးသပ်ခြင်းနှင့် ရှေ့ဆက်ခြေလှမ်းများ ဟူသည့် ခေါင်းစဉ် ၃ခုဖြင့် ဆွေးနွေးသုံးသပ်ကြမည် ဖြစ်ပါသည်။

စိတ်ပါဝင်စားသည့် တော်လှန်ရေးရဲဘော်များအနေဖြင့် ဝင်ရောက်လေ့လာဆွေးနွေးနိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်အသိပေးအပ်ပါသည်။
7
စစ်အာဏာသိမ်း (၅) နှစ်ပြည့် စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ကြေညာချက်

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်

တော်လှန်ရေးအင်အားစုရဲဘော်များနှင့် လူမျိုးပေါင်းစုံပြည်သူလူထုအပေါင်းတို့….

ယနေ့ဆိုလျှင် မင်းအောင်လှိုင် စစ်အုပ်စုမှ ပြည်သူလူထု၏ အချုပ်အခြာအာဏာအား အတင်းအဓမ္မ သိမ်းပိုက်ခဲ့သည်မှာ (၅) နှစ်ပင်ပြည့်ခဲ့ပြီ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍လည်း ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်စနစ်အား တခဲနက် အုံကြွဆန့်ကျင်ခဲ့ကြသည်မှာ လက်နက်ကိုင် တော်လှန်ရေး အသွင်ထိပါ ကူးပြောင်း တိုက်ပွဲဝင်လာနိုင်သည်အထိ တော်လှန်ရေးရဲ့ အရှိန်အဟုန်မှာ မီးဟုန်းဟုန်းတောက်ခဲ့ပါပြီ။ တဖက်မှာလည်း စစ်အုပ်စုက လူထုတော်လှန်ရေးကြီးအား ရက်ရက် စက်စက် ဖြိုခွင်းချေမှုန်းခဲ့သလို နည်းလမ်းပေါင်းစုံဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်ထား၍ နေ့စဉ်ရက်ဆက် တိုက်ခိုက်လျက် ရှိပါသည်။

သို့ရာတွင် လူထု၏ ဒေါသမီးတောက်ကိုသာ ကြုံတွေ့နေရသည့် စစ်အုပ်စုသည် နိုင်ငံရေး ထွက်ပေါက်ရရန် အတုအယောင် ရွေးကောက်ပွဲတရပ်အား ကျင်းပ၍ လူထုနှင့် ပြည်တွင်းပြည်ပ အင်အားစုများအား မျက်လှည့်ပြ လှည့်စားရန် ကြံရွယ်နေပါသည်။ ထိုရွေးကောက်ပွဲမှာလည်း လူထုထောက်ခံမှု၊ စိတ်ဝင်စားမှုအား တစိုးတစိမျှ မရခဲ့ဘဲ စစ်အုပ်စု အလိုကျ ချယ်လှယ်ထားမှန်း လယ်ပြင်မှာ ဆင်သွားသကဲ့သို့ အတိုင်းသား မြင်နေရပါသည်။

စစ်အုပ်စု အလိုကျရွေးကောက်ပွဲမှာ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ ပြီးဆုံးခဲ့ပြီဖြစ်သော်လည်း ပြည်သူလူထုအား ဆက်လက်လှည့်ဖျား၍ တော်လှန်ရေး အရှိန်အဟုန် ယုတ်လျော့စေရန် စစ်အုပ်စုက ဆက်လက် အားထုတ်သွားမည်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပါသည်။ ထို့ကြောင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများနှင့် ပြည်သူလူထုကြီးအနေဖြင့် စစ်အုပ်စု၏ မည်သည့် အရိုးအရင်း လွတ်လပ်ခွင့်၊ ရွှေရည်စိမ်အပြောင်းအလဲကိုမျှ လက်မခံဘဲ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ကျဆုံး သည်အထိ တိုက်ပွဲဝင်သွားရန် ကျွန်ပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းလိုပါသည်။

အစိုးရနေရာများ၊ အုပ်ချုပ်သူနေရာများတွင် မည်မျှပြောင်းလဲမှုများ ဖြစ်သွားစေကာမူ စစ်အာဏာရှင် စနစ် တည်ရှိနေသမျှကာလပတ်လုံး ကျွန်ုပ်တို့အနေနှင့် ဤစနစ်၏ ဆိုးမွေများကို အနုနည်း၊ အကြမ်းနည်းမျိုးစုံဖြင့် ခံစားနေရဦးမည်ဖြစ်ကြောင်းကို နေဝင်းစစ်အုပ်စု၊ သန်းရွှေစစ်အုပ်စု၊ သိန်းစိန်စစ်အုပ်စု စသည့် စစ်အုပ်စု၏ ထပ်တလဲလဲ အပြောင်းအလဲများက သမိုင်းသက်သေ ထူခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်ဗျူရိုကရေစီ ယန္တယား ဆိုသည့် စစ်သုံးစစ်နှင့် အခိုင်အမာတည်ဆောက်ထားသည့် စစ်အာဏာရှင်စနစ် အမြစ်ပြတ် ပြုတ်ကျသွား သည်အထိ အဆုံးသတ်တိုက်ပွဲဝင်သွားမှသာ ဤစနစ်၏ ဖိနှိပ်မှုသံသရာက လွတ်မြောက်နိုင်မည် ဖြစ်သည်။

ထိုသို့ တိုက်ပွဲဝင်ရာတွင်လည်း ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများသည် ပြည်သူလူထုကို မျက်နှာ မမူနိုင်၊ အဖွဲ့အစည်းချင်းချင်းကြား မိတ်ဖက်ပဋိပက္ခများအား ဘေးမချိတ်နိုင်ပါက နွားကွဲရင် ကျားဆွဲ သကဲ့သို့ ဝါးအစည်းပြေတော့မည့် အန္တရာယ်ကို စိုးရိမ်နေရမည်ဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ချေမှုန်းရေး ဘုံရည်မှန်းချက်ပေါ် အခြေခံသည့် စုစည်းညီညွတ်သော ခိုင်မာတဲ့တပ်ပေါင်းစုတရပ်ပေါ်ထွက်လာအောင် ဆောင်ရွက်ရန် အလျင်အမြန် လိုအပ်နေပြီဖြစ်သည်။ သမိုင်းကို လှန်လှောကြည့်မည်ဆိုလျှင်လည်း နယ်ချဲ့ဆန့်ကျင်ရေးကာလတွင် အင်အားစုအသီးသီးမှ ဖက်ဆစ်ဆန့်ကျင်ရေးနှင့် ပြည်သူ့လွတ်လပ်ရေး - ဖဆပလ တပ်ပေါင်းစုကြီး အဖြစ် စုစည်းခဲ့ကြပြီး ဗမာပြည်သူလူထုအပေါ် ဗိုလ်ကျစိုးမိုးနေသည့် ဖက်ဆစ် ဂျပန်တို့အား တိုက်ထုတ်နိုင်ခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးတွင်လည်း တောင်တန်းမြေပြန့် တော်လှန်ရေး အင်အားစု အသီးသီး ပေါင်းစည်း၍ စစ်ကောင်စီတပ်များအား ချေမှုန်းနိုင်ခဲ့သည်မှာ တော်လှန်ရေးအတွက် အရှိန်အဟုန်ကို မြှင့်တင် ပေးခဲ့သော ခြေလှမ်းများပင်ဖြစ်သည်။

ထို့ကြောင့် စစ်အုပ်စု၏ ဖိနှိပ်မှုများနှင့် အတုအယောင်ခြေလှမ်းသစ်များကို အန်တုတိုက်ထုတ်နိုင်ရန် ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများအနေဖြင့် ပြည့်ဝသော စည်းရုံးရေးလုပ်ဟန်၊ ညီညွတ်ရေးရှေးရှု သော သဘောထားအမြင်များဖြင့် ခိုင်မာသော မဟာမိတ်များ စုစည်းတည်ဆောက်ခြင်းမှတဆင့် စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဘုံရည်မှန်းချက်အပေါ် အခြေခံသည့် အင်အားစုပေါင်းစုံ ပါဝင် သည့် တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေတည်ဆောက်ကြရမည်ဖြစ်သည်။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကျရောက်သည့် စစ်အာဏာသိမ်း (၅)နှစ်ပြည့်မှစ၍ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုအသီးသီးအနေဖြင့် စစ်သုံးစစ်အမြစ်ဖြတ်ရေး ဘုံရည်မှန်းချက်ပေါ် ရပ်ခံကာ အင်အားစုအားလုံးစုပေါင်းတည်ဆောက်ထားသည့် ကျယ်ပြန့်သော တပ်ပေါင်းစုကြီးတရပ် မဖြစ်မနေ ထွက်ပေါ်လာနိုင်ရန် ကြိုးပမ်းရင်း လူထုကိုမျက်နှာမူလျက် တော်လှန်ရေး၏ အရှိန်အဟုန် အား မြှင့်တင်သယ်ဆောင်ကြပါစို့လို့ ကျွန်ုပ်တို့ တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။

“တပ်ပေါင်းစု၍ အတူရပ်
စစ်သုံးစစ်ကို အမြစ်ဖြတ်”

ပူးတွဲထုတ်ပြန်ချက်တွင်ပါဝင်သည့် အဖွဲ့အစည်းများ -
7