NeedRelax Movie Review
964 subscribers
3 photos
2.63K links
ဇာတ်ကားအညွှန်းများကြည့်ရန်
Download Telegram
Mellisai (2026) တေးသံသာ

တမီလ်စကားပြော မိသားစုဒရာမာကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။

ဇာတ်လမ်းအစမှာ ဒီပတ်နဲ့ ယာဇီနီဆိုတဲ့ အရွယ်ရောက်စမောင်နှမနှစ်ယောက်ဟာ
သူတို့ရဲ့မိသားစုပိုင်အိမ်လေးကို ဆုံးရှုံးရမယ့်အခြေအနေနဲ့ကြုံတွေ့နေရပါတယ်။

သူတို့ရဲ့မိဘတွေဟာ ဆရာဆရာမတွေဖြစ်ကြပြီး ဝါသနာတွေကိုစွန့်လွှတ်ခါ
မိဘဖြစ်ဖို့ရွေးချယ်ခဲ့ကြသူတွေဖြစ်ပါတယ်။

သူတို့ဟာ ပျော်စရာမိသားစုဘဝလေးကိုပိုင်ဆိုင်ခဲ့ကြပေမဲ့ လက်ရှိမှာ
ရုန်းကန်နေရတဲ့အခြေအနေကို ဘယ်လိုရောက်လာလဲဆိုတာနဲ့၊
အတိတ်က စိန်ခေါ်မှု၊ ကျရှုံးမှုတွေ၊ မိသားစု အကျပ်အတည်းတွေနဲ့
ကြည်နူးစရာမိသားစုသံယောဇဉ်တွေကို စုံလင်အောင်ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်။
The Message (2009)

တရုတ်ရုပ်ရှင်သမိုင်းတစ်လျှောက်မှာ အကောင်းဆုံးနဲ့အဆင့်အတန်းအမြင့်ဆုံးလို့သတ်မှတ်ရလောက်တဲ့အထိ Ratingမြင့်ခဲ့တဲ့တရုတ်ရုပ်ရှင်လောကရဲ့ စပိုင် (Espionage)
ဇာတ်ကားတွေထဲမှာ ဂန္ထဝင်တစ်ကားအဖြစ် သတ်မှတ်ခံထားရတဲ့ ၂၀၀၉ ခုနှစ်ထွက် "The Message" (风声 - Feng Sheng) ဆိုတဲ့ စိတ်လှုပ်ရှားဖွယ် ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။
ဒီကားဟာ စာရေးဆရာ Mai Jia ရဲ့ နာမည်ကျော်ဝတ္ထုကို အသက်သွင်းထားတာဖြစ်ပြီး ဒါရိုက်တာ Chen Kuo-fu နဲ့ Gao Qunshu တို့က
ပရိသတ်ကို ဇာတ်လမ်းအစကနေ အဆုံးထိ ရင်တမမဖြစ်အောင် ရိုက်ကူးတင်ဆက်ထားတာပါ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ တရုတ်ရုပ်ရှင်လောကရဲ့ ထိပ်တန်းသရုပ်ဆောင်တွေဖြစ်တဲ့
Zhou Xun ၊ Li Bingbing၊ Huang Xiaoming ၊ Zhang Hanyu နဲ့ Alec Su ( 2003 ကျန်းဝူကျိမင်းသား) တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်လမ်းအစမှာတော့ ၁၉၄၂ ခုနှစ် ဂျပန်တွေ သိမ်းပိုက်ထားတဲ့ နန်ကျင်းမြို့ကို အခြေခံထားပါတယ်။ ဂျပန်ကျောထောက်နောက်ခံပြု ရုပ်သေးအစိုးရရဲ့ အရာရှိတွေ ဆက်တိုက်လုပ်ကြံခံရပြီး
နောက်မှာတော့ ဂျပန်ထောက်လှမ်းရေးအရာရှိ တာကဲဒါ (Huang Xiaoming) ဟာ သူတို့ရဲ့ ဆက်သွယ်ရေးဌာနထဲမှာ သတင်းပေးနေတဲ့ "Phantom" (တစ္ဆေ) လို့ အမည်ရတဲ့
ကွန်မြူနစ်စပိုင်တစ်ယောက် ရှိနေတယ်ဆိုတာကို ရိပ်မိသွားပါတော့တယ်။ဒီစပိုင်ကို ဖော်ထုတ်ဖို့အတွက် တာကဲဒါဟာ ထောင်ချောက်တစ်ခု ဆင်လိုက်ပါတယ်။ အဓိက သံသယရှိသူ
၅ ယောက်ကို အစည်းအဝေးလုပ်မယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အစောင့်အကြပ်ထူထပ်တဲ့ အိမ်တော်ကြီးတစ်ခုဆီ ခေါ်ဆောင်သွားပြီး အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်တောက်လိုက်ပါတယ်။
အဲဒီအချိန်ကစပြီး အိမ်တော်ကြီးထဲမှာ အသက်လုရတဲ့ စိတ်ပညာစစ်ပွဲကြီး စတင်ပါတော့တယ်။ သံသယရှိသူ ၅ ယောက်ထဲက ဘယ်သူက တကယ့်စပိုင်လဲဆိုတာကို ဖော်ထုတ်ဖို့
ဂျပန်တွေက ရက်စက်တဲ့ စစ်ဆေးမေးမြန်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်လာတဲ့အခါမှာတော့ တစ်ယောက်ကိုတစ်ယောက် အပြစ်ပုံချရင်း
လွတ်မြောက်ဖို့ ကြိုးစားကြပုံတွေကို ရင်တဖိုဖိုနဲ့ ကြည့်ရှုရမှာပါ။

ဒီဇာတ်ကားဟာ သာမန် စပိုင်ဇာတ်ကားမျိုးမဟုတ်ဘဲ Locked-room Mystery (အပိတ်ခံထားရတဲ့ အခန်းတွင်းက လျှို့ဝှက်ချက်) ပုံစံမျိုး ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူကိုပါ
ဘယ်သူက စပိုင်ဖြစ်မလဲဆိုတာကို လိုက်လံစဉ်းစားချင်စရာ ဖြစ်စေပါတယ်။ တကယ့်စပိုင်ကရော ဒီလို အကျပ်အတည်းကြားထဲကနေ အရေးကြီးတဲ့ သတင်းစကား (The Message) ကို
အပြင်ကလူတွေဆီ ဘယ်လိုပါးလွှာသွားမလဲဆိုတဲ့ Plot Twists တွေက အံ့မခန်းပါပဲ။ သရုပ်ဆောင်တွေရဲ့ ပီပြင်လွန်းတဲ့ အမူအရာတွေ (အထူးသဖြင့် ဒီကားနဲ့ Golden Horse Award မှာ
အကောင်းဆုံးမင်းသမီးဆု ရခဲ့တဲ့ Li Bingbing ရဲ့ သရုပ်ဆောင်ချက်) နဲ့ ခိုင်မာတဲ့ ဇာတ်အိမ်တွေကြောင့် Thriller နဲ့ Mystery ကားကောင်း ကြိုက်နှစ်သက်သူတိုင်း မဖြစ်မနေ ကြည့်ရှုသင့်တဲ့
Masterpiece တစ်ကားအဖြစ် အာမခံ ညွှန်းဆိုလိုက်ရပါတယ်။
Supergirl (2026)

IMDb Rating (6.1) / Rotten Tomatoes (53%)


Supergirl (2026) ဟာ DC Universe (DCU) ရဲ့ ဒုတိယမြောက် ရုပ်ရှင်ဖြစ်ပြီး ကောမက်ပရိသတ်တွေ အကြိုက်တွေ့ခဲ့တဲ့ Tom King ရဲ့ Supergirl: Woman of Tomorrow ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Craig Gillespie ရိုက်ကူးထားပြီး Milly Alcock (Supergirl)၊ Matthias Schoenaerts (Krem)၊ Eve Ridley (Ruthye) နဲ့ တခြားသရုပ်ဆောင်တွေ အများကြီးပါဝင်ထားတဲ့ စူပါဟီးရိုး၊ သိပ္ပံဇာတ်လမ်း (Sci-Fi) နဲ့ အက်ရှင်အမျိုးအစား ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။


ဇာတ်လမ်းအကျဉ်း

ကမ္ဘာမြေပေါ်မှာ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ကြီးပြင်းလာခဲ့ရတဲ့ Superman နဲ့ မတူဘဲ Supergirl ဖြစ်သူ Kara Zor-El ကတော့ Krypton ဂြိုဟ် ပျက်စီးသွားချိန်မှာ အပျက်အစီးတွေကြား ၁၄ နှစ်ကြာအောင် ဒုက္ခမျိုးစုံခံပြီးမှ အသက်ရှင်ကျန်ရစ်ခဲ့တာပါ။ ဒါကြောင့်မို့လို့ သူ့ရဲ့ စိတ်ဓာတ်နဲ့ စရိုက်က Superman ထက် အများကြီး ပိုမာကျောပြီး ရင်းနှီးရခက်တဲ့ ပုံစံရှိပါတယ်။

သူ့ရဲ့ ၂၃ နှစ်ပြည့် မွေးနေ့မှာတော့ Kara တစ်ယောက် အာကာသထဲ လှည့်လည်ရင်း သောက်စားမူးယစ်နေတုန်း Ruthye ဆိုတဲ့ ဂြိုဟ်သူ ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ Ruthye ဟာ သူ့အဖေကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တဲ့ Krem ဆိုတဲ့ လူသတ်သမားကို လက်စားချေဖို့ ကြိုးစားနေတာပါ။

အစတော့ မကူညီချင်ပေမဲ့ Krem က Kara ရဲ့ ခွေးလေး Krypto ကို ထိခိုက်အောင် လုပ်လိုက်တဲ့အခါမှာတော့ Kara တစ်ယောက် ခရစ်ပတိုကို ကယ်ဖို့ Krem ကို တွေ့အောင်ရှာမှဖြစ်မှာမို့ ရုသီကိုခေါ်ပြီး စကြဝဠာတစ်ခွင် စွန့်စားခန်းတွေ ဖွင့်ကြပါတော့တယ်။

သမီးလိမ္မာပုံစံ မဟုတ်ဘဲ သေနတ်၊ ဓား၊ စကြာဝဠာထဲက အရက်ဆိုင်တွေနဲ့ ခပ်ကြမ်းကြမ်း Space Western ပုံစံ ဖန်တီးထားတာမို့လို့ DCU ရဲ့ ဇာတ်ကြောင်းအသစ်ကို မြင်တွေ့ရမှာပါ။ House of the Dragon ထဲမှာ ပရိသတ်သဘောကျခဲ့တဲ့ Milly Alcock က Kara အဖြစ် သရုပ်ဆောင်ထားပြီး Character နဲ့ အတော်လေး လိုက်ဖက်မှုရှိပါတယ်။

Aquaman အဖြစ်ကနေ ပရိသတ်တွေ မျှော်လင့်နေကြတဲ့ အာကာသ ကြေးစားဆုကြေးမုဆိုး Lobo အဖြစ် Jason Momoa ပါဝင်လာတာကလည်း ဇာတ်ကားရဲ့ ကြည့်ချင်စရာ အချက်တစ်ခုပါ။ ကမ္ဘာမြေပေါ်မှာပဲ အခြေမစိုက်ဘဲ ဂြိုဟ်ပေါင်းစုံ၊ အာကာသဓားပြတွေ၊ ကြေးစားတွေနဲ့ အက်ရှင်ခန်းစုံစုံလင်လင် ကြည့်ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။
Leviticus (2026) 4K HEVC
+++++++++++++

ဒီဇာတ်ကားကတော့ Queer Coming-of-Age, Supernatural Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Adrian Chiarella က ရိုက်ကူးထားပြီး Joe Bird, Stacy Clausen နဲ့ Mia Wasikowska တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကားနာမည်ဖြစ်တဲ့ Leviticus ဆိုတာ ခရစ်ယာန်သမ္မာကျမ်းစာ (Old Testament) ထဲမှာပါတဲ့ ၃ အုပ်မြောက် ကျမ်းစာအုပ် (ဝတ်ပြုရာကျမ်း) ကို ခေါ်တာဖြစ်ပါတယ်။ ဒီကျမ်းစာအုပ်ထဲမှာ ဘာသာရေးဆိုင်ရာ စည်းမျဉ်းဥပဒေတွေ၊ ဝတ်ပြုမှုနည်းလမ်းတွေနဲ့ ကျင့်ဝတ်စံနှုန်းတွေကို အသေးစိတ် ရေးသားထားတာပါ။

အထူးသဖြင့် Leviticus (ဝတ်ပြုရာကျမ်း) ထဲမှာ အမျိုးသားချင်း ချစ်ကြိုက်စုံမက်တာကို အပြစ်ကြီးတစ်ခုအဖြစ် ပိတ်ပင်ထားတဲ့ ကျမ်းစာပိုဒ်တွေ ပါဝင်တာကြောင့်၊ ဒီရုပ်ရှင်မှာ Leviticus လို့ နာမည်ပေးထားတာဟာ ဘာသာရေးဆိုင်ရာ အယူသည်းမှု၊ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ဇာတ်လမ်းထဲက ကောင်လေးနှစ်ယောက် ကြုံတွေ့ရတဲ့ ဘာသာရေးအဓမ္မပြုပြင်ရေး ကုထုံးတွေကို ပေါ်လွင်စေချင်လို့ တိုက်ရိုက်ရည်ညွှန်းပြီး မှည့်ခေါ်ထားတာပဲ ဖြစ်ပါတယ်။

ဇာတ်လမ်းအကျဉ်း
+++++++++++
ဩစတြေးလျနိုင်ငံက ဘာသာရေးအယူသည်းမှုတွေ လွှမ်းမိုးထားတဲ့ မြို့ငယ်လေးတစ်မြို့မှာ နိမ်း နဲ့ ရိုင်ယန်ဆိုတဲ့ လူငယ်ကောင်လေးနှစ်ယောက်ဟာ တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်နဲ့ စိတ်ကစားမိကြရာကနေ ဇာတ်လမ်းစတာပါ။ ဒါပေမဲ့ သူတို့နေတဲ့ အသိုင်းအဝိုင်းက ဒါကို လက်မခံနိုင်ဘဲ ဘာသာရေးအခမ်းအနား ရိုးရာကုထုံးတစ်ခုနဲ့ အတင်းအကျပ် ပြုပြင်ဖို့ ကြိုးစားကြပါတယ်။

အဲဒီ အခမ်းအနားကနေတစ်ဆင့် မထင်မှတ်ဘဲ ကြောက်စရာကောင်းတဲ့ မိစ္ဆာကျိန်စာတစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ အဲဒီမိစ္ဆာရဲ့ အဆိုးဆုံးနဲ့ အကြောက်စရာအကောင်းဆုံး အချက်ကတော့ သူတို့ အချစ်ရဆုံး၊ အလိုချင်ဆုံး ဖြစ်နေတဲ့သူရဲ့ ပုံစံကို ဖန်ဆင်းပြပြီး လိုက်လံဒုက္ခပေး သတ်ဖြတ်တာပါပဲ။ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေ ပိုမိုနက်ရှိုင်းလေ၊ အထိအတွေ့တွေ ရှိလာလေလေ မိစ္ဆာရဲ့ ရန်က ပိုမိုပြင်းထန်လာလေ ဖြစ်လာတဲ့အခါ ချစ်ခြင်းမေတ္တာဟာ အသက်အန္တရာယ်ဖြစ်စေတဲ့ ကျိန်စာတစ်ခုလို ပြောင်းလဲသွားပါတော့တယ်။

ဒီဇာတ်ကားဟာ It Follows စတိုင် လိုက်လံခြောက်လှန့်တဲ့ Concept မျိုးကို သုံးထားပေမဲ့ မေတ္တာနဲ့ တပ်မက်မှုကို ကျိန်စာရဲ့ အစပျိုးချက်အဖြစ် ဆန်းသစ်စွာ ပုံဖော်ထားတာ တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဘာသာရေးအယူသည်းမှုတွေနဲ့ ပတ်ဝန်းကျင်ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကြားက လူငယ်တွေရဲ့ စိတ်ဒဏ်ရာ၊ ကြောက်ရွံ့မှုကို Supernatural သရဲကား ပုံစံနဲ့ ပါးပါးနပ်နပ် ခိုင်းနှိုင်းပြထားသလို မင်းသားသစ် Joe Bird နဲ့ Stacy Clausen တို့ကြားက Chemistry အပြင် atmospheric horror အငွေ့အသက်ကိုလည်း ခံစားရမှာပါ။ ကြောက်စရာ supernatural elements တွေရော၊ ခံစားချက်ပါတဲ့ Coming-of-age Romance အငွေ့အသက်ပါ ပေါင်းစပ်ထားတဲ့အတွက် ကျောစိမ့်စိမ့်နဲ့ တမျိုးလေး ကြည့်လို့ကောင်းမယ့် ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။
Second Sister (2025)

*******************

IMDb Rating (6.0)


နာမည်ကြီး ဟောင်ကောင်စာရေးဆရာ Chan Ho-Kei ရဲ့ ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။

Business Proposal ထဲက မင်းသား Kim Min-Gue နဲ့ မေတ္တာအားမာန်ထဲက ဆွန်းယောင်းအဖြစ် လူသိများတဲ့ မင်းသမီးလေး Kang Seo-Ha တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

- ဇာတ်လမ်းအကျဉ်း -

ဘတ်စ်ကားပေါ်မှာ လိင်ပိုင်းဆိုင်ရာ စော်ကားခံခဲ့ရတဲ့ အထက်တန်းကျောင်းသူလေး ဂျီအွန်း...

ကျူးလွန်သူ ရှင်းဂျောင်မန်က ထောင်ဒဏ် ၆ လ ကျခံလိုက်ရပြီး အမှုလည်း ပြီးပြတ်သွားပြီလို့ ထင်ထားခဲ့ပေမဲ့ တစ်နေ့မှာ ရှင်းဂျောင်မန်ရဲ့ တူမဆိုသူက သူ့ဦးလေးက အပြစ်ကင်းကြောင်း ဂျီအွန်းရဲ့ ချောက်ချမှုသက်သက်သာဖြစ်ကြောင်း online community တစ်ခုမှာ ပို့စ်တင်လာခဲ့ပါတယ်။ ဒါ‌ပေမဲ့လည်း အင်တာနက် အသုံးပြုသူတွေရဲ့ မုန်းတီးရေးမှတ်ချက်တွေကြားမှာ ဂျီအွန်းလည်း မခံသာတော့တဲ့အဆုံး အစွန်းရောက်ရွေးချယ်မှုကို ပြုလုပ်သွားပါတော့တယ်။

ဂျီအွန်းရဲ့အစ်မဖြစ်သူ ဆိုအွန်း (Kang Seo-Ha) ကတော့ အင်တာနက်ပေါ်က ကောလာဟလတွေနဲ့ ပြစ်တင်ကဲ့ရဲ့မှုတွေကပဲ ညီမလေးကို သေခြင်းတရားဆီ တွန်းပို့ခဲ့တာလို့ အခိုင်အမာ ယုံကြည်နေပြီး ပို့စ်တင်သူအကြောင်းကို စုံစမ်းဖို့အတွက် ထူးချွန်တဲ့ ဟက်ကင်းအရည်အချင်းကို ပိုင်ဆိုင်ထားတဲ့ အလွတ်စုံထောက် ဆောဂျွန်ဂယောင်း (Kim Min-Gue) ဆီ အလုပ်အပ်လိုက်တဲ့အခါမှာတော့...

အင်တာနက်ကွန်ရက်ပေါ်က မုသားတွေ၊ အမည်မသိအကောင့်တွေကို ခြေရာခံလိုက်ရင်း သူတို့ ရင်ဆိုင်လိုက်ရတဲ့ အမှန်တရားက ဘာဖြစ်နေမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်ကြပါဦးနော်။
Miss Gold Digger (2007)
********************


မင်းသမီးချော Han Ye-seul နဲ့ မင်းသား Lee Jong-hyuk တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတဲ့ "Miss Gold Digger" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးဟာ ၂၀၀၇ ခုနှစ်မှာ ဒါရိုက်တာ Park Yong-jib က ရိုက်ကူးထားတဲ့ အချစ်ဟာသ ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ဒီဇာတ်ကားမှာ အနာဂတ်အတွက် တည်ငြိမ်တဲ့ ဘဝတစ်ခုကို လိုချင်လွန်းလို့ အမျိုးသား ၃ ယောက်ကို တစ်ပြိုင်နက်တည်း တွဲပြီး သူတို့ရဲ့ အရည်အချင်း၊ စရိုက်နဲ့ စီးပွားရေးအခြေအနေတွေကို ဂရုတစိုက် တွက်ချက်နေတဲ့ မမ ရှင်မီဆူ(Han Ye-seul) ရဲ့ အိုင်ဒီယာထူးထူးဆန်းဆန်း အချစ်ဘဝလေးကို အခြေခံပြီး ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

သူမဟာ အချစ်ကို စိတ်ကူးယဉ်မနေဘဲ လက်တွေ့ကျကျ စီမံကိန်းချပြီး စေ့စေ့စပ်စပ် ရွေးချယ်ဖို့ ကြိုးစားနေသူ ဖြစ်ပါတယ်။သူမရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရိုးလေးပါပဲ။ ဘဝမှာ နောင်တမရစေမယ့် ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကို ရွေးချယ်ပြီး လွတ်လပ်၊ အေးချမ်းတဲ့ အိမ်ထောင်ရေးဘဝတစ်ခုကို ပိုင်ဆိုင်ချင်တာပါ။

ဒါပေမဲ့ အချစ်ဆိုတာ တွက်ချက်လို့ရတဲ့ အရာမဟုတ်သလို၊ ယောက်ျား ၃ ယောက်ကြားမှာ လှည့်ပတ် အချိန်ပေးနေရင်း ဖြစ်လာတဲ့ အလွဲတွေနဲ့ လက်တွေ့ဘဝရဲ့ ရိုက်ခတ်မှုတွေက ကြီးလာတဲ့အခါ… သူမရဲ့ ရွေးချယ်မှုနဲ့ နည်းလမ်းတွေက မှန်ကန်နေပါဦးမလား...

ဟာသနဲ့ အချစ်ရေး ပဋိပက္ခတွေကို တစ်ပြိုင်နက်တည်း ခံစားရမယ့် ဒီဇာတ်ကားဟာ အချစ်မှာ "လက်တွေ့ကျမှု" ဆိုတာ ဘာလဲ၊ တကယ်စစ်မှန်တဲ့ "အချစ်" ဆိုတာရော ဘယ်လိုအရာမျိုးလဲဆိုတာကို ပေါ့ပေါ့ပါးပါးလေး ပြန်လည်တွေးတောစေမယ့် ရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ ဒီလို စိတ်ထွက်ပေါက်ရစေမယ့် ဇာတ်ကားလေးကို အတူတူ ကြည့်ရှုခံစားလိုက်ကြရအောင်ပါနော်။
Broken (2026)
****************


ဒီကားဟာ ၂၀၂၅ ခုနှစ် ရုပ်ရှင်ရုံတင်ပြသမှုကနေတစ်ဆင့် ၂၀၂၆ ခုနှစ်မှာ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေပေါ် ကျယ်ကျယ်ပြန့်ပြန့် ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ သည်းထိတ်ရင်ဖို ရာဇဝတ်မှု ဒရမ်မာ (Dark Mystery & Thriller / Horror) ရုပ်ရှင်ကားသစ် ဖြစ်ပါတယ်။

ဒါရိုက်တာ Nate Taylor ကိုယ်တိုင် ဇာတ်ညွှန်းရေးသား ရိုက်ကူးထားပြီး ခပ်မှောင်မှောင် စိတ်ကျဉ်းကျပ်စရာ ကောင်းတဲ့ လူသတ်မှု စုံထောက်ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေအတွက် သဘောကျစေမယ့် ကားမျိုးပါ။

ဇာတ်လမ်းက အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ်ရဲ့ ကလိဗ်လင်းမြို့ကြီးမှာ အခြေခံထားတာပါ။ မြို့ပြရဲ့ လမ်းမတွေပေါ်မှာ ရက်ရက်စက်စက် လိုက်လံသတ်ဖြတ်တတ်တဲ့ ကွင်းဆက်လူသတ်သမားတစ်ယောက်ကြောင့် တစ်မြို့လုံး ထိတ်လန့်တုန်လှုပ်နေကြပါတယ်။

ဒီလူသတ်မှုကို ဖော်ထုတ်ဖို့အတွက် စုံထောက်နှစ်ယောက်ဖြစ်တဲ့ မီနာ ကိုဝါစကာ (Detective Mina Kowalska) နဲ့ လူးဝစ် ဒန်နီရယ်လ် (Detective Luis Daniels) တို့က တာဝန်ယူပြီး တရားခံကို အသည်းအသန် လိုက်လံစုံစမ်းကြရပါတယ်။

တစ်ဖက်မှာလည်း ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ နန်စီ (Nancy Ford) ဆိုတဲ့ ကောင်မလေးတစ်ယောက် ရှိပါတယ်။ သူဟာ အတိတ်က ကြေကွဲဝမ်းနည်းစရာ ဖြစ်ရပ်ဆိုးကြောင့် စိတ်ဒဏ်ရာအကြီးအကျယ်ရပြီး ဘဝပျက်လုနီးပါး ဖြစ်ခဲ့ရသူပါ။ အခုအခါမှာတော့ သူက သူ့ရဲ့မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ ပုံမှန်အတိုင်း သံယောဇဉ်ပြန်ဆက်နိုင်ဖို့၊ ဘဝကို အကောင်းဆုံး ပြန်လည်တည်ဆောက်ဖို့အတွက် အပြင်းအထန် ကြိုးစားနေရပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာက ... စုံထောက်တွေက လူသတ်သမားကို အပူတပြင်း လိုက်ဖမ်းနေတဲ့အချိန်၊ နန်စီတစ်ယောက် သူ့ဘဝကို ပြန်ထူထောင်ဖို့ ကြိုးစားနေတဲ့အချိန်မှာပဲ... ဒီသွေးအေးလူသတ်သမားကြီးရဲ့ နောက်ထပ် ပစ်မှတ်က နန်စီ ဖြစ်လာဖို့ ဦးတည်သွားပါတော့တယ်။

နန်စီတစ်ယောက် သူ့ရဲ့အတိတ်က စိတ်ဒဏ်ရာတွေကို ရုန်းကန်ရင်ဆိုင်ရင်းနဲ့ တစ်ဖက်ကလည်း ဒီလူသတ်သမားကြီးရဲ့ နောက်ထပ် သားကောင်အသစ် ဖြစ်မသွားအောင် ဘယ်လိုမျိုး အသက်လု သဲထိတ်ရင်ဖို ကြိုးစားရမလဲ၊ စုံထောက်တွေကော လူသတ်မှုကို အချိန်မီ ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို ၁ နာရီခွဲကျော် ကြာချိန်အတွင်းမှာ ရင်တမမနဲ့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်က သာမန် စုံထောက်လူသတ်ကားတွေလို တရားခံကို လိုက်ဖမ်းတဲ့ အပိုင်းတင်မကဘဲ၊ ကူးစက်တတ်တဲ့ စိတ်ဒဏ်ရာတွေက လူတစ်ယောက်ရဲ့ လူမှုပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေလဲဆိုတဲ့ စိတ်ပညာပိုင်းကိုပါ နှောပြီး ရိုက်ပြထားတာပါ။ အမေရိကန် မင်းသမီး Hayley Johnson က နန်စီအဖြစ် အပီပြင်ဆုံး သရုပ်ဆောင်ထားပြီး၊ ရုပ်ရှင်ဇာတ်ရှိန်က တဖြည်းဖြည်း မှောင်ပြီး လေးလံလာတဲ့ ပုံစံမျိုးမို့လို့ Thriller/Dark Drama ကား ကြိုက်သူတွေအတွက် သဘောကျမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်။
Setannya Cuan (2026)
********************

ဇာတ်လမ်းက ၁၉၇၀ ပြည့်လွန်နှစ်တွေဆီက အင်ဒိုနီးရှားရွာလေးတစ်ရွာမှာ စတာပါ။ ရွာထဲမှာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေသလို၊ တစ်ဖက်မှာလည်း ချောမောလှပတဲ့ မုဆိုးမလေး
မင် (Mince) ရဲ့နှလုံးသားကိုရရှိဖို့ ရွာထဲက အမျိုးသားတွေအချင်းချင်း အပြိုင်အဆိုင် ပြဿနာတက်နေကြတာပါ။

ဩဇာ၊ အာဏာနဲ့အချစ်ကို ရရှိဖို့အတွက် ပိုက်ဆံနဲ့အနိုင်ယူချင်ကြတဲ့ ရွာသားတွေဟာ မြန်မြန်ဆန်ဆန် ချမ်းသာချင်တဲ့လောဘဖုံးလာပြီး ရိုဂျန် (Rojan) ဆိုတဲ့ စုန်းကဝါဆရာဆိုးဆီကို သွားရောက် အကူအညီ တောင်းခံကြပါတော့တယ်။

စုန်းဆရာရဲ့ အမှောင်နည်းလမ်းတွေကြောင့် ပိုက်ဆံခိုးတဲ့ သရဲစိမ်းကလေး (Tuyul) ၊ သင်္ချိုင်းဝတ်ရုံဖြူပတ်ထားတဲ့ သရဲ (Pocong) နဲ့ ဝက်အဖြစ်အသွင်ပြောင်းပိုက်ဆံရှာတဲ့သရဲ (Babi Ngepet) ဆိုတဲ့ အင်ဒိုနီးရှားရိုးရာသရဲဆိုးတွေက ရွာထဲမှာ ပေါ်ထွက်လာပါတော့တယ်။ အကျိုးဆက်အနေနဲ့ ရွာလေးတစ်ရွာလုံး ပရမ်းပတာဖြစ်ပြီး သရဲခြောက်ခံရတာရော၊ ဟာသဆန်ဆန် သွေးရူးသွေးတန်းဖြစ်တာတွေရော ကြုံတွေ့ကြရတာကို ဟာသနှောပြီး ရိုက်ပြထားတာ ဖြစ်ပါတယ်။
Danur: The Last Chapter (2026)
--------------
၂၀၁၇ မှာ စတင်ခဲ့တဲ့ အင်ဒိုနီးရှားရဲ့ လူကြိုက်အများဆုံး Danur သရဲရုပ်ရှင်စီးရီး၏ အဆုံးသတ်ဖြစ်ပြီး ကျိန်စာသင့်နေတဲ့ပြဇာတ်ရုံဟောင်းကြီးအကြောင်းကိုဦးတည်ပြီးရိုက်ထားပါတယ်

ဇာတ်လမ်းကတော့ မမြင်နိုင်သော ဝိညာဉ်သူငယ်ချင်း ကလေးတွေနဲ့ ခွဲခွာခဲ့ရပြီးတဲ့နောက်...မကောင်းဆိုးဝါး ဝိညာဉ်ကမ္ဘာနဲ့ အဆက်အသွယ် လုံးဝဖြတ်ကာ ပုံမှန် လူတစ်ယောက်လို အေးချမ်းစွာ နေထိုင်နေတဲ့ရီဆာအကြောင်းကနေ စတင်ထားပါတယ်။ ရီဆာဟာ နာကျင်စရာ အတိတ်တွေကို မေ့ပျောက်ပြီး ငြိမ်းချမ်းတဲ့ ဘဝသစ်ကို တည်ဆောက်နေတာပါ။
ဒါပေမဲ့ အဆိုပါ ငြိမ်းချမ်းမှုဟာ သူမရဲ့ ညီမလေး ရီရီဟာ ရှေးဟောင်း ပြဇာတ်ရုံကြီးတစ်ခုအတွင်းမှာ မထင်မှတ်ဘဲ စေ့စပ်ကြောင်းလမ်းမှု ပြုလုပ်လိုက်တဲ့အခါမှာတော့ လုံးဝ ပျက်စီးသွားခဲ့ရပါတော့တယ်။ အဆိုပါ ပြဇာတ်ရုံဟောင်းကြီးအတွင်းမှာ ကိန်းဝပ်နေတဲ့ ရှေးနတ်ဆိုးဝိညာဉ်ဆိုးကြီးက ရီရီနဲ့ သူမရဲ့ မိသားစုပေါ်ကို ကျိန်စာတိုက်လိုက်တဲ့အခါ... ရီဆာဟာ သူမရဲ့ ကိန်းအောင်းနေတဲ့ "တတိယမျက်လုံး" (Danur ability) ကို ပြန်လည်ဖွင့်ပြီး ညီမဖြစ်သူကို ကယ်တင်ဖို့အတွက် အတိတ်က ဝိညာဉ်သူငယ်ချင်းများတွေ အကူညီနဲ့့ နောက်ဆုံးအကြိမ် အသက်လုစွန့်စားရပုံကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာ ဖြစ်ပါတယ်။
Lifeline (1997)

ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က အကောင်းဆုံး Action/Disaster (အက်ရှင်နဲ့ သဘာဝဘေးအန္တရာယ်) ဇာတ်ကားတွေထဲမှာ ထိပ်တန်းကနေ ရပ်တည်နေဆဲဖြစ်တဲ့ ၁၉၉၇ ခုနှစ်ထွက်
"Lifeline" (十萬火急) ဇာတ်ကားကြီးနဲ့ မိတ်ဆက်ပေးပါရစေ။ မာဖီးယားဂိုဏ်းတွေ၊ ရဲနဲ့သူခိုး ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ ဂန္ထဝင်ဒါရိုက်တာ Johnnie To က
မီးသတ်သမားတွေရဲ့ ဘဝကို အသက်ဝင်ဆုံးနဲ့ အကြမ်းတမ်းဆုံး ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး၊ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ Lau Ching-wan ၊
Alex Fong နဲ့ Carman Lee တို့က အဓိက ပါဝင်အားဖြည့်ထားပါတယ်။

ဇာတ်လမ်းအစမှာတော့ ဟောင်ကောင်မြို့က မီးသတ်စခန်းတစ်ခုကို အခြေခံထားပါတယ်။ တပ်ဖွဲ့ခေါင်းဆောင် Lau Ching-wan ဟာ အလုပ်အပေါ် အရမ်းကို လေးစားပြီး
တပည့်တွေအပေါ်မှာလည်း စည်းကမ်းကြီးလွန်းတဲ့သူ တစ်ယောက်ပါ။ ဇာတ်လမ်းရဲ့ ပထမပိုင်းတွေမှာ မီးသတ်သမားတွေရဲ့ နေ့စဉ်ဘဝ၊ သူတို့ရဲ့ ကိုယ်ရေးကိုယ်တာ အခက်အခဲတွေ၊
အချစ်ရေးတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေကြားက ညီအစ်ကိုသံယောဇဉ်တွေကို သဘာဝကျကျ ရိုက်ကူးပြထားပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နောက်ဆုံးပိုင်းမှာတော့
ချည်မျှင်နဲ့ အထည်စက်ရုံကြီးတစ်ခုမှာ အကြီးအကျယ် မီးလောင်မှုကြီး ဖြစ်ပွားပါတော့တယ်။အဆောက်အအုံကြီး ပြိုကျလုဆဲဆဲ၊ မီးတောက်တွေက နေရာအနှံ့ ဝါးမျိုနေတဲ့ အချိန်မှာ အထဲမှာ
ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်တင်ဖို့ ယုဆွီတို့ မီးသတ်တပ်ဖွဲ့ဝင်တွေ အသက်စွန့်ပြီး ဝင်ရောက်သွားတဲ့အခါ... သူတို့ကိုယ်တိုင်ရော အသက်ရှင်လျက် ပြန်ထွက်လာနိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။

ဒီကားကတော့ CGI (ကွန်ပျူတာ အထူးပြုလုပ်ချက်) တွေ သိပ်မသုံးဘဲ တကယ့်မီးတောက်တွေ၊ ပေါက်ကွဲမှုတွေကို အသုံးပြုပြီး ရိုက်ကူးထားတဲ့ Practical Effects တွေပါပဲ။ မီးလောင်နေတဲ့
အဆောက်အအုံထဲက အပူရှိန်နဲ့ မွန်းကျပ်မှုတွေကို ကြည့်ရှုသူတွေပါ ကိုယ်တိုင်ခံစားရလောက်တဲ့အထိ ဒါရိုက်တာ Johnnie To က အကောင်းဆုံး ဖန်တီးထားနိုင်ပါတယ်။ Lau Ching-Wan
ရဲ့ တည်ငြိမ်ပြီး အနစ်နာခံတတ်တဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကလည်း ဇာတ်ကားကို ပိုပြီး အသက်ဝင်စေပါတယ်။၉၀ ပြည့်လွန်နှစ်တွေက ဟောင်ကောင်အက်ရှင်ကားကောင်းတွေကို
လွမ်းဆွတ်နေသူတွေ၊ မီးသတ်သမားတွေရဲ့ အနစ်နာခံမှုနဲ့ ညီအစ်ကို သံယောဇဉ်ကို ရင်သပ်ရှုမောဖွယ် ကြည့်ရှုချင်သူတွေအတွက် ညွှန်းဆိုလိုက်ရပါတယ်။
Big Baby (2025)

IMDb Rating (7.0) / Rotten Tomatoes (55%)


ဒီဇာတ်ကားကတော့ Horror နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ J.R. Poli က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Patrick Censoplano, Danielle Baez, Robert LaSardo နဲ့ Josh Server တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဇာတ်ညွှန်းရေးဆရာ အာဒမ်ဟာ သူရေးသားခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားပေါ် ပေါ့ဒ်ကတ်စ် သုံးသပ်သူတွေရဲ့ အဆိုးမြင် ဝေဖန်မှုတွေကြောင့် စိတ်ဓာတ်ကျပြီး ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရရာကနေ ဇာတ်လမ်းစတာပါ။

အဲဒီ စိတ်ဖိစီးမှုတွေကြားထဲကနေပဲ သူဟာ "ကလေးကြီး" လို့ အမည်ရတဲ့ ခန္ဓာကိုယ်ထွားကြိုင်းပြီး ကလေးမျက်နှာဖုံး စွပ်ထားတဲ့ ရက်စက်လွန်းလှတဲ့ မိစ္ဆာလူသတ်သမားတစ်ယောက်အကြောင်း ဇာတ်ညွှန်းအသစ်ကို စတင်ရေးသားခဲ့ပါတယ်။ ဒါပေမဲ့ မထင်မှတ်ဘဲ သူ ရေးသားနေတဲ့ စာအုပ်ထဲက ထိတ်လန့်စရာ သတ်ဖြတ်မှုတွေဟာ လက်တွေ့ပြင်ပမှာပါ တကယ့်အဖြစ်အပျက်တွေလို အစဉ်လိုက် ဖြစ်ပေါ်လာပါတော့တယ်။

စိတ်ကူးနဲ့ လက်တွေ့ကြား ခွဲခြားရခက်လာတဲ့ အာဒမ်ဟာ သူ့ရဲ့ ဇာတ်ညွှန်းကြောင့် ချစ်သူ ကိတ် နဲ့ ဘေးပတ်ဝန်းကျင်က လူတွေ အန္တရာယ်ကြုံတွေ့လာရတာကို သိလိုက်ရတဲ့အခါ ရူးသွပ်မှုတွေ၊ စိတ္တဇဖိအားတွေကြားထဲကနေ ဒီကျိန်စာဆိုးကို ရပ်တန့်နိုင်ဖို့နဲ့ ဇာတ်လမ်းကို အပြီးသတ်နိုင်အောင် အသည်းအသန် ကြိုးစားသွားရမယ့် သည်းထိတ်ရင်ဖို Horror ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
Mutiny (2026)
+++++

တစ်လောကလုံးနဲ့ တစ်ယောက်တည်းချနေကြမင်းသားရဲ့ တစ်လောကလုံးနဲ့တစ်ယောက်တည်းချတဲ့ နောက်တစ်ကား လာပါပြီ။

ဒီဇာတ်ကားကတော့ Action နဲ့ Thriller အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jean-François Richet (Plane) က ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအဖြစ် Jason Statham, Annabelle Wallis, Roland Møller နဲ့ Jason Wong တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ကိုယ်ပိုင်လုံခြုံရေး အထူးတပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ Cole Reed ဟာ သူ့ရဲ့ ဘီလျံနာ သူဌေးဖြစ်သူ အသတ်ခံရမှုမှာ မတရား လူသတ်သမားအဖြစ် အမှုဆင် စွပ်စွဲခံလိုက်ရရာကနေ ဇာတ်လမ်းစတာပါ။

ဥပဒေစိုးမိုးရေး အဖွဲ့အစည်းတွေရော၊ သူ့ကို နှုတ်ပိတ်ချင်နေတဲ့ လျှို့ဝှက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အသည်းအသန် လိုက်လံဖမ်းဆီး သတ်ဖြတ်ခြင်းကို ခံရချိန်မှာ Cole ဟာ ထွက်ပြေးတိမ်းရှောင်ရင်း သူ့ရဲ့ နာမည်ကို ပြန်ဆယ်ဖို့ ကြိုးစားရပါတော့တယ်။ အဲဒီနောက်မှာတော့ သူဌေးဖြစ်သူ အသတ်ခံရမှုရဲ့ နောက်ကွယ်မှာ နိုင်ငံတကာ အဆင့်ဆင့် ချိတ်ဆက်နေတဲ့ ကြီးမားလှတဲ့ နိုင်ငံရေးနဲ့ စီးပွားရေး လျှို့ဝှက်ကြံစည်မှုကြီး ရှိနေမှန်း သိရှိသွားတဲ့အခါ အမှန်တရားကို ဖော်ထုတ်ပြီး ရန်သူတွေကို တစ်ယောက်ချင်း ပြန်လည်ရင်ဆိုင် ရှင်းထုတ်ရမယ့် အက်ရှင်ပြကွက်ကြမ်းတွေနဲ့ ပြည့်နှက်နေတဲ့ သည်းထိတ်ရင်ဖို ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။