EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Relative Clauses 2

Relative Clause တွေနဲ့ ပတ်သက်လို့ အစပျိုးပြောခဲ့ပြီးပါပြီ။ ဟောဒီအချက်တွေကို ပြောပြခဲ့ပါတယ်။ မှတ်မိသေးတယ် ထင်တယ်နော်။ ပြန်ကြည့်လိုက်ပါ။

• clause ဆိုတာ ဝါကျတစ်ခုရဲ့ အစိတ်အပိုင်းပါပဲ။ မြန်မာလိုတော့ “ဝါကျကဏ္ဍ”ရယ်လို့ခေါ်တယ်။
• relative clause တစ်ခုက ဘယ်လူပုဂ္ဂိုလ် ဒါမှမဟုတ် ဘယ်အရာ (ဒါမှမဟုတ်ရင်လည်း ဘယ်လူပုဂ္ဂိုလ်မျိုး/ ဘယ်အရာမျိုးကို ပြောသူက ဆိုလိုနေသလဲဆိုတာ ပြောပြပေးတယ်။
• လူတွေအကြောင်း (အရာဝတ္ထုတွေမပါ) ပြောတဲ့အခါ relative clause မှာ who ကို သုံးပါတယ်။
• အရာဝတ္ထုတွေအကြောင်း ပြောတဲ့အခါ relative clause မှာ that သို့မဟုတ် which ကို သုံးနိုင်တယ်။ (who မသုံးရ)
• What ဆိုတာ the thing(s) that ဆိုတာနဲ့ အဓိပ္ပာယ်တူပါတယ်။
• relative clauses မှာ who/that/which ကိုပဲ သုံးလို့ ရတယ်။ he/she/they/it သုံးလို့ မရဘူး။

အဲဒီပြီးခဲ့တဲ့ သင်ခန်းစာမှာပါတဲ့ နမူနာဝါကျတွေကိုပဲ ပြန်ကြည့်ပါဦး။

The woman who lives next door is a doctor. (or The woman that lives …)
ဘေးအိမ်မှာ နေတဲ့ အမျိုးသမီးက ဆရာဝန်တစ်ယောက်ဖြစ်တယ်။ (The woman that lives … ဆိုပြီး who အစား that သုံးလည်း ရတယ်နော်)
ဒီဝါကျအရ The woman lives next door. လို့ နားလည်ရမယ်။ ဒါဆို (who = the woman) က subject ပေါ့။

နောက်တစ်ကြောင်း ထပ်ကြည့်မယ်။

Where is the cheese that was in the fridge? (or the cheese which was …)
ရေခဲသေတ္တာထဲက ဒိန်ခဲတွေ ဘယ်မှာလဲ။ (the cheese which was … ဆိုပြီး that အစား which သုံးလည်း တူတူပါပဲ)
ဒီဝါကျမှာ The cheese was in the fridge. လို့ နားလည်ပါလိမ့်မယ်။ ဒါကြောင့် (that = the cheese) က subject ပါပဲ။

ဒီဥပမာတွေကို ကြည့်ပြီး ဟောဒီအချက်လေးကို နားလည်နိုင်တာပေါ့။

You must use who/that/which when it is the subject of the relative clause.
who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါ သုံးရမယ်။

ဒါဆို ဒီဝါကျလေး မှန်မမှန် ဆုံးဖြတ်ပေးပါဦး။

• The woman lives next door is a doctor.
• Where is the cheese was in the fridge?

ကြည့်ရုံနဲ့ လွဲနေတယ်ဆိုတာ သိသာတာပေါ့နော်။ who/that/which တို့ကို relative clause တစ်ခုရဲ့ subject နေရာမှာ သုံးရမယ်လို့ ဆိုတဲ့အတွက် ဒီဝါကျတွေမှာ who/that/which စတာလေးတွေ ကျန်နေလို့ အဆင်မပြေဘူး။

Who/that/which တို့ကို relative clause တစ်ခုရဲ့ subject ဖြစ်တဲ့အခါမှာ သုံးရမယ်လို့ ပြောခဲ့ပြီ။ ဒါဆိုရင် မေးစရာတစ်ခုရှိတယ်။ object နေရာမှာ ရှိရင်ကော ဘယ်လိုသုံးမလဲ။

ဒီအချက်လေး မှတ်သားပါ။

Sometimes who/that/which is the object of the verb.
တစ်ခါတစ်လေမှာ who/that/which တို့က အဲဒီ verb ရဲ့ object လည်း ဖြစ်နိုင်ပါသတဲ့။

ရှင်းလင်းချက်ဆိုတာတွေက ရှင်းရုံနဲ့ မရဘူး။ နမူနာလေးတွေလည်း ကြည့်ပါမှ ကွက်ကွက်ကွင်းကွင်း သဘောပေါက်တတ်တာ။ ဒီတော့ ဥပမာဝါကျတွေ ကြည့်ရဦးမှာပေါ့။ ကဲ ကြည့်ပါ။

 The woman who I wanted to see was away on holiday.
ငါတွေ့ချင်တဲ့ အမျိုးသမီးက အားလပ်ရက်ခရီးထွက်နေတယ်။
 Have you found the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။

ပထမဝါကျမှာပါတဲ့ who I wanted to see ဆိုတဲ့ relative clause ကိုကြည့်။ ဒီ clause မှာ who ဆိုတာက the woman ကို ရည်ညွှန်းမှန်း သိတယ်နော်။ ငါတွေ့ချင်တဲ့ အမျိုးသမီးဆိုတော့ I wanted to see the woman. လို့ နားလည်ရမယ်။ ဒါဆိုရင် (who = the woman) က object ပါ။ subject က I ပေါ့။

ဒုတိယဝါကျမှာ ပါတဲ့ that you lost ဆိုတဲ့ relative clause ကို ထပ်ကြည့်ရအောင်။ ဒီ that က the keys ကို ရည်ညွှန်းပါတယ်။ You lost the keys. ဆိုတဲ့ သဘောမို့ (that = the keys) က object ပါ။ subject ကတော့ you ပေါ့။

ကဲ who/that/which တို့ကို subject နေရာမှာဆို ဘယ်လို၊ object နေရာမှာဆို ဘယ်လိုဆိုတာ ပြောပြီးပြီ။ နားလည်မယ်လို့လည်း ထင်ပါတယ်။ ဒီတော့ နောက်တစ်ချက် တိုးပြီး ကြည့်ရအောင်။

When who/that/which is the object, you can leave it out.
who/that/which က object ဖြစ်နေရင် အဲဒါကို ချန်ထားခဲ့လို့ ရပါတယ်။
ဒီလိုတွေ ပြောလို့ ရတယ်။

 The woman I wanted to see was away. (or) The woman who I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီးက တခြားမှာ။
 Have you found the keys you lost? (or) … the keys that you lost?
မင်းပျောက်သွားတဲ့ သော့တွေ တွေ့ပြီလား။
 The dress Liz bought doesn’t fit her very well. (or) The dress that Liz bought …
လစ်ဇ်ဝယ်ခဲ့တဲ့ ဝတ်စုံက သူနဲ့ သိပ်မတော်ဘူး။
 Is there anything I can do? (or) … anything that I can do?
ငါလုပ်နိုင်တာ တစ်ခုခုများရှိသလား။

Relative clauses တွေမှာ preposition တွေရဲ့ နေရာကိုတော့ ဂရုပြုပါ။
👍41❤17
 Tom is talking to a woman – do you know her?
တွမ်က အမျိုးသမီးတစ်ယောက်နဲ့ စကားပြောနေတယ်။ မင်းသူ့ကို သိလား။
Do you know the woman (who/that) Tome is talking to? (to ထည့်ပုံလေးကို ဂရုစိုက်ပါ)
တွမ်နဲ့စကားပြောနေတဲ့ အမျိုးသမီးကို မင်းသိလား။
 I slept in a bed last night – it wasn’t very comfortable.
မနေ့ညတုန်းက အိပ်ရာတစ်ခုမှာ အိပ်ခဲ့တယ်။ အဲဒါက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။
The bed (that/which) I slept in last night wasn’t very comfortable. (in ထည့်ပုံလေး ဂရုစိုက်)
မနေ့ညက ငါအိပ်ခဲ့တဲ့ အိပ်ရာက သိပ်ပြီး သက်သောင့်သက်သာ မရှိဘူး။

တခြားဥပမာတွေ ထပ်ကြည့်ပါဦး။

 Are these the books you were looking for? (or) … the books that/which you were …
မင်းရှာနေတာ ဒီစာအုပ်တွေလား။
 The woman he fell in love with left him after a month. (or) The woman who/that he …
သူချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးက တစ်လအကြာမှာ သူ့ကို ထားပစ်ခဲ့တယ်။
 The man I was sitting next to on a plane talked all the time. (or) The man who/which I was sitting next to …
လေယာဉ်ပေါ်မှာ ငါနဲ့ကပ်လျက်ထိုင်နေတဲ့ လူက တစ်ချိန်လုံး စကားပြောလာခဲ့တယ်။

What ကို ဘယ်လိုနေရာမှာ သုံးရမလဲ ပြောခဲ့ပြီးပြီနော်။ ဒီလိုဝါကျတွေမှာတော့ what ကို မသုံးနိုင်ပါဘူး။

 Everything (that) they said was true. (not Everything what they said)
သူတို့ပြောခဲ့သမျှ အရာတိုင်းက မှန်ပါတယ်။
 I gave her all the money (that) I had. (not all the money what I had)
ငါ့မှာရှိတဲ့ ပိုက်ဆံတွေအားလုံး သူ့ကိုပေးခဲ့တယ်။

What = the thing that

What က the thing that လို့ အဓိပ္ပာယ်ရကြောင်း ပြောပြီးပါပြီ။ ဥပမာလေး ထပ်ကြည့်ပါ။
 Did you hear what they said? ( = the thing that they said)
သူတို့ပြောတာ မင်းကြားခဲ့လား။

Sithu Htet
Ref: English Grammar in Use (Raymond Murphy)
❤59👍26🔥1
Grade 12 English (သင်ရိုးသစ်)
Unit 1
Good Manners

Reading passage ကို ရှင်းပြထားပုံ Youtube မှာ ကြည့်ချင်ရင် ဒီ Link ကို နှိပ်ပါ။

https://youtu.be/y641-cFkKHo
👍70❤45💘5
❤13👍8👏1
Grade 9 English က Page 38, Unit 4, Lesson 2: Job satisfaction မှာ Ko Phyo Zin ရဲ့ အလုပ်ကို Youtuber လို့ ဖော်ပြထားပြီး အဲဒီအကြောင်း ပြောထားတာ တွေ့ရလိမ့်မယ်။

အလုပ်အကိုင်တွေကို ခုလိုမျိုး ခေတ်မီအကြောင်းအရာတွေ ထည့်ထားတာ ကောင်းတယ်။ ဒီလို အလုပ်အကိုင်တွေ ရှိပါလား၊ ဒီလိုမျိုးလည်း ဝင်ငွေရှာလို့ ရပါလားဆိုတဲ့ အမြင်ပွင့်လင်းအောင် လုပ်ပေးနိုင်တာဆိုတော့ ကလေးတွေအတွက် ကောင်းတာပေါ့။ သမားရိုးကျလမ်းစဉ်က ဖောက်ထွက်နိုင်အောင် ကူညီပေးနိုင်တဲ့ သဘောပါပဲ။

ကလေးတွေက စာဖတ်ရုံမက နောက်ခံအကြောင်းအရာနဲ့ ချိတ်ဆက်နားလည်နိုင်အောင်၊ ဆရာ/မတွေလည်း တပည့်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြနိုင်အောင် Youtuber အလုပ်အကြောင်း လက်ရှိ မြန်မာနိုင်ငံ အခြေအနေတွေနဲ့ ကိုက်ညှိပြီး ရှင်းပြပေးချင်ပါတယ်။

🛑 Youtuber ဆိုတာ ဘာလဲ❓
အလွယ်ပြောရရင် Youtuber ဆိုတာ Youtube ပေါ်မှာ video ဖန်တီးသူပါပဲ။ တကယ်က content ဖန်တီးသူ၊ content creator လို့ ပြောတာ ပိုမှန်တယ်။ ထားပါတော့ video ဖန်တီးသူလို့ပဲ ပြောလိုက်မယ်။ www.youtube.com ကို နှိပ်လိုက်ရင် video ပေါင်းများစွာ တွေ့ပါလိမ့်မယ်။ သီချင်းတွေ၊ လက်မှုပညာတွေ၊ စိတ်ဝင်စားစရာအကြောင်းအရာတွေ၊ ဟာသတွေ စသည်ဖြင့် video အများကြီး ရှိတယ်။ ဒါတွေကို ပုံမှန်ဖန်တီးပြီး ဝင်ငွေရသူတွေက Youtuber ပါပဲ။

🛑 Youtuber တွေ ပိုက်ဆံဘယ်လိုရသလဲ❓
video လွှင့်တင်ပြီး ဝင်ငွေအများကြီး ရနိုင်ကြောင်း Textbook ထဲမှာ ပြောထားပါတယ်။ ဟုတ်ပါတယ်။ ကမ္ဘာပေါ်မှာ နာမည်ကျော် Youtuber တွေထဲမှာ တခြားအလုပ်မလုပ်ဘဲ Youtube တစ်ခုတည်းကနေ ရတဲ့ ဝင်ငွေတွေနဲ့ သန်းကြွယ်သူဌေး ဖြစ်နေတဲ့သူတွေ အများကြီး ရှိပါတယ်။ Youtube က video တွေကြည့်တဲ့အခါ video အစ သို့မဟုတ် အလယ်လောက်မှာ ကြော်ငြာလေးတွေထိုးတာ သတိထားမိမလား မသိဘူး။ အဲဒီကြော်ငြာရဲ့ ဝင်ငွေတွေထဲက 65% ကို video ဖန်တီးသူက ရပြီး Youtube က 35% ယူပါတယ်။ ကိုယ့်ရဲ့ video က စိတ်ဝင်စားစရာ ကောင်းလို့ ကြည့်တဲ့သူများလေလေ ဝင်ငွေကောင်းလေလေပါပဲ။

ဒီနေရာမှာ တစ်ချက်ဖြတ်ပြောလိုက်ဦးမယ်။ စိတ်ဝင်စားရာ Video လေးတွေ ဖန်တီးပြီး သန်းကြွယ်သူဌေးအထိ ဖြစ်နိုင်တယ်။ တယ်ဟုတ်ပါလား ဆိုပြီး ကျွန်တော်တို့ Youtuber လွယ်လွယ်မလုပ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ တခြားအခက်အခဲအသာထား မြန်မာနိုင်ငံသားအဖို့ အဓိက အခက်အခဲ နှစ်ခု ရှိပါတယ်။

ပထမတစ်ခုက ငွေရဖို့ Youtube ကနေ လျှောက်တဲ့အခါ မြန်မာနိုင်ငံသားတွေ မရပါဘူး။ မြန်မာနိုင်ငံ လိပ်စာ မရပါဘူး။ မြန်မာဘဏ်တွေမရပါဘူး။ မြန်မာ မှတ်ပုံတင် မရပါဘူး။ ဒီတော့ အဲဒီမှာတင် အခက်အခဲ စပါပြီ။ ဒါကို ကျော်လွှားချင်တယ်ဆိုရင်တော့ နိုင်ငံခြားမှာနေတဲ့ စိတ်ချရတဲ့ ဆွေမျိုး၊ သူငယ်ချင်းတို့က တဆင့်လုပ်ချင်လုပ်၊ မလုပ်ချင်ရင် ကြားထဲက service ပေးတဲ့ သူတွေကို ပိုက်ဆံပေးပြီး လုပ်ရပါတယ်။

ဒါက မခက်သေးဘူး။ ခက်တာက မြန်မာနိုင်ငံမှာ နိုင်ငံရေးပဋိပက္ခ စဖြစ်တယ်ဆိုကတည်းက Youtube က မြန်မာနိုင်ငံကို ကြော်ငြာခွင့် ပိတ်လိုက်ပါတယ်။ မြန်မာနိုင်ငံမှာ Youtube ကနေ video ကြည့်တဲ့အခါ (VPN ခံထားတာ မဟုတ်ရင်) ကြော်ငြာမတက်ပါဘူး။ ကြော်ငြာမတက်ရင် ပိုက်ဆံမရပါဘူး။ (ကိုယ့် video ကို နိုင်ငံခြားကနေ ကြည့်တဲ့သူရှိမှ ဝင်ငွေနည်းနည်း ရမယ်။) video content ဘယ်လောက်ကောင်းကောင်း ပိုက်ဆံမှ မရတော့တာ အချိန်ကုန် လူပန်းပြီး အလကားပေါ့။ မြန်မာနိုင်ငံသား ဖြစ်ရတဲ့ ဒုက္ခပါပဲ။

Textbook ထဲမှာ Youtuber တွေ ဝင်ငွေကောင်းကြောင်းပြောထားတော့ မြန်မာနိုင်ငံက Youtuber တိုင်း အဆင်ပြေနေပြီလို့ မထင်နဲ့နော်။

Video ဖန်တီးနိုင်ဖို့ အကြောင်းအရာ ရှာရတာ၊ ဇာတ်ညွှန်းရေးရတာ၊ ရိုက်ကူးရတာ၊ တည်းဖြတ်ရတာ၊ video တင်ရတာ စတဲ့ အခက်အခဲတွေလည်း ရှိပါတယ်။ နောက်ပြီး Subscriber ဦးရေ တစ်ထောင်၊ ကြည့်တဲ့ ကြာချိန်နာရီ သုံးထောင်ပြည့်မှ ပိုက်ဆံလျှောက်လို့ ရတာတွေ ရှိသေးတယ်။ ဒါတွေကတော့ ထားလိုက်ပါတော့။

Youtube က ဖျော်ဖြေရေးတွေ အများကြီးရှိသလို ပညာရစရာတွေလည်း များပါတယ်။ ကိုယ်သဘောကျတဲ့ channel ဆိုရင် Subscribe လုပ်ထားသင့်ပါတယ်။ ဒီလိုမျိုး အကြောင်းအရာ ကောင်းကောင်းတွေကို ဖန်တီးပေးနေတဲ့ Youtuber တွေလည်း ဝင်ငွေရသင့်ပါတယ်။

မြန်မာနိုင်ငံက Youtuber တချို့က အခက်အခဲတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားပြီး တစ်လတစ်လ ဝင်ငွေကောင်းနေတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူမဆို Youtube မှာ ကိုယ်စိတ်ဝင်စားရာ video လေးတွေ ဖန်တီးပြီး မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဒုက္ခကြောင့် ကြုံရတဲ့ အခက်အခဲမရှိဘဲ ဝင်ငွေကောင်းရင်တော့ အကောင်းဆုံး မဟုတ်လား။

ကျွန်တော့်ရဲ့ Youtube channel ကိုတော့ ဒီ Link ကို နှိပ်ပြီး ကြည့်နိုင်၊ Sunscribe လုပ်ထားနိုင်ပါတယ်။ Youtube မှာ Saya Sithu Htet လို့ ရိုက်ရှာလည်း တွေ့ပါလိမ့်မယ်။

https://youtube.com/@SayaSithuHtetEssentialEnglish

အကြောင်းအရာအလိုက် စနစ်တကျ စီစဉ်ထားတာ ကြည့်ချင်ရင် Playlists ကို နှိပ်ပါ။
❤57👍39😁1🐳1
Relative Clauses (3)

ရှေ့အပိုင်းတွေက Relative Clause အကြောင်း သင်ခန်းစာတွေမှာ relative clause ဆိုတာ ဘာလဲ၊ relative clause ဖြစ်အောင် ဘယ်လိုလုပ်ရသလဲ၊ ဘယ်စကားလုံးလေးတွေ သုံးပြီး ဆက်ရသလဲဆိုတာ ပြောလာခဲ့ပြီနော်။ ဒီတစ်ခါ ဘယ်လို relative pronoun တွေ သုံးပြီး ဆက်လို့ရသလဲဆိုတာ ဆက်ပြောပါ့မယ်။

ပထမဆုံးတစ်ခုအနေနဲ့ whose ကို ကြည့်ရအောင်။

Whose
whose ဆိုကတည်းက ပိုင်ဆိုင်မှု ကို ပြတဲ့ စကားလုံးဆိုတာ သိပြီးရောပေါ့။ ဟုတ်ပြီ။ relative clauses တွေမှာလည်း whose ကို his/her/their စတဲ့ စကားလုံးတွေအစား သုံးရတယ်။

ဒီဥပမာလေးကို ကြည့်ရအောင်။

 We saw some people – their car had broken down.
တို့က လူတချို့ကို တွေ့ခဲ့တယ်။ သူတို့ရဲ့ကားက ပျက်နေတယ်။

ဒီဝါကျကို relative clause ပါတဲ့ဝါကျဖြစ်အောင် ပြန်ပြောင်းတဲ့အခါ their အစား whose သုံးပေးရမယ်ဆိုတာ သတိထားပါ။ who တို့ that တို့ သုံးလို့ မရဘူး။

ဒီလို ပြန်ရေးကြည့်မယ်။

 We saw some people whose car had broken down.
Whose ကို လူတွေအတွက် အများအားဖြင့် သုံးပေးရတယ်နော်။

နမူနာဝါကျတွေကြည့်ပါ။

 A widow is a woman whose husband is dead. (her husband is dead)
မုဆိုးမဆိုတာ ခင်ပွန်းဆုံးပါးသွားတဲ့ အမျိုးသမီးဖြစ်ပါတယ်။

 What is the name of the man whose car you borrowed? (You borrowed his car)
မင်းကားငှားခဲ့တဲ့လူရဲ့ နာမည်က ဘာလဲ။

 I met someone whose brother I went to school with. (I went to school with his/her brother)
တစ်စုံတစ်ယောက်နဲ့ ငါ တွေ့ခဲ့တယ်။ သူ့အစ်ကိုနဲ့ ငါနဲ့ ကျောင်းအတူတက်ခဲ့တာ။

ခုက whose အကြောင်းတွေ ပြောနေတာနော်။ ဒါဆိုမေးစရာရှိတယ်။ ရှေ့သင်ခန်းစာတွေမှာ ပြောခဲ့တဲ့ who နဲ့ ခု whose ဘာကွာသလဲ။
ဝါကျတွေနှိုင်းယှဉ်ကြည့်ရင် မြင်သာပါလိမ့်မယ်။

• I met a man who knows you. (he knows you)
မင်းကိုသိတဲ့လူနဲ့ ငါတွေ့ခဲ့တယ်။ (သူက မင်းကိုသိတာ)

• I met a man whose sister knows you. (his sister knows you)
သူ့ရဲ့အစ်မက မင်းကိုသိတဲ့သူနဲ့ ငါတွေ့ခဲ့တယ်။
(ဒီလိုတိုက်ရိုက် ဘာသာပြန်တော့ ဝါကျက တမျိုးကြီးပဲ။ ငါလူတစ်ယောက်ကိုတွေ့ခဲ့တယ်။ သူ့ရဲ့အစ်မက မင်းကို သိတယ်။ ဒီလို ဆိုလိုတာပါ။ သိတာက သူမဟုတ်ဘူး။ သူ့ရဲ့အစ်မ)

Who/whose ကို နားလည်လောက်ပြီ။ whom ကို တစ်ချက်ကြည့်ရအောင်။

Whom
whom is possible instead of who when it is the object of the verb in the relative clause.
Relative clause မှာ verb ရဲ့ object ဖြစ်နေမယ်ဆိုရင် who အစား whom သုံးနိုင်တယ်။

 The woman whom I wanted to see was away.
ငါတွေ့ချင်တဲ့အမျိုးသမီးက တခြားရောက်နေတယ်။

ဒီဝါကျက I wanted to see her (the woman). လို့ ဆိုလိုချင်ပါတယ်။ ဒါဆို her (the woman) က object နေရာမှာ ရှိတယ်မဟုတ်လား။ ဒီလိုမျိုး object နေရာရှိတာကို relative clause မှာ ပြောချင်ရင် whom သုံးရတာပါပဲ။ တခြား ဝါကျတွေကိုလည်း အဲဒီလိုမျိုးပဲ နားလည်ယူပါ။

You can also use whom with a preposition (to whom/ from whom/ with whom etc.)
to whom/ from whom/ with whom စသည်ဖြင့် whom ကို preposition နဲ့ သုံးနိုင်တယ်။

 The people with whom I work are very nice.
ငါနဲ့ အလုပ်လုပ်တဲ့ လူတွေက သိပ်ကောင်းတယ်။

Whom သုံးပုံအကြောင်းတွေကို ပြောနေပေမဲ့ သတိပြုသင့်တာလေးတစ်ချက်ကို ပြောပါဦးမယ်။ အင်္ဂလိပ်လို အရင်မှတ်လိုက်ပါ။

But we do not often use whom in spoken English. We usually prefer who or that, or nothing.
whom ကို အပြောအင်္ဂလိပ်စကားမှာ သိပ်သုံးလေ့မရှိပါဘူး။ who/that ဒါမှမဟုတ် ဘာမှမသုံးဘဲ ထားတာကို ပိုနှစ်သက်ပါတယ်တဲ့။

ဒါကြောင့် ဒီလိုပဲ ပြောလေ့ရှိပါတယ်။

 The woman I wanted to see … or The woman who/that I wanted to see …
ငါတွေ့ချင်တဲ့ အမျိုးသမီး …
 The people I work with … or The people who/that I work with …
ငါနဲ့အလုပ်လုပ်တဲ့လူတွေ …

Where
You can use where in a relative clause to talk about a place.
နေရာတစ်ခုအကြောင်းကိုပြောဖို့ relative clause မှာ where ကို သုံးနိုင်ပါတယ်။

 The restaurant where we had dinner was near the airport.
ငါတို့ ညစာစားခဲ့တဲ့ စားသောက်ဆိုင်က လေဆိပ်နားမှာ။

 I recently went back to the town where I grew up.
ကျွန်တော်ကြီးပြင်းလာခဲ့တဲ့ မြို့ကို မကြာသေးမီက ပြန်သွားခဲ့တယ်။

 I would like to live in a place where there is plenty of sunshine.
နေရောင်ခြည်များများရတဲ့ နေရာမျိုးမှာ ကျွန်တော်နေချင်တယ်။

နောက်ထပ်မှတ်သားစရာအနေနဲ့ ပုံသေပြောပုံလေးတွေ ကြည့်ပါ။
ဒီလိုပြောပါသတဲ့။

The day / the year / the time etc. ---- something happens or that something happens

 Do you remember the day (that) we went to the zoo?
တို့ တိရစ္ဆာန်ရုံသွားခဲ့တဲ့ နေ့ကို မှတ်မိသေးလား။

 The last time (that) I saw her, she looked fine.
သူ့ကို နောက်ဆုံးအကြိမ်တွေ့တုန်းက သူနေကောင်းပုံပါပဲ။
👍33❤18🥰4👻1
 I haven’t seen them since the year (that) they got married.
သူတို့လက်ထပ်ပြီးတဲ့ နှစ်ကတည်းက ငါသူတို့ကို မတွေ့ဖြစ်တော့ဘူး။

ထပ်ပြီး မှတ်သားပါဦး။ ဒီပုံစံလေးပါ။

The reason something happens or that/why something happens

 The reason I’m phoning you is to ask your advice.
 (or The reason that I’m phoning / The reason why I’m phoning)
ခင်ဗျားဆီကို ကျွန်တော်ဖုန်းဆက်ရတဲ့အကြောင်းကတော့ ခင်ဗျားရဲ့ အကြံဉာဏ်တောင်းဖို့ပါ။

အကျဉ်းချုပ်ပြီး ပြန်ကြည့်ရအောင်။

(1) relative clauses တွေမှာ whose ကို his/her/their စတဲ့ စကားလုံးတွေအစား သုံးရတယ်။ Whose ကို လူတွေအတွက် အများအားဖြင့် သုံးတယ်။

(2) Relative clause မှာ verb ရဲ့ object ဖြစ်နေမယ်ဆိုရင် who အစား whom သုံးနိုင်တယ်။ to whom/ from whom/ with whom စသည်ဖြင့်လည်း whom ကို preposition နဲ့ သုံးနိုင်တယ်။ whom ကို အပြောအင်္ဂလိပ်စကားမှာ သိပ်သုံးလေ့တော့ မရှိဘူး။ who/that ဒါမှမဟုတ် ဘာမှမသုံးဘဲ ထားတာကို ပိုနှစ်သက်ကြတယ်။

(3) နေရာတစ်ခုအကြောင်းကိုပြောဖို့ relative clause မှာ where ကို သုံးနိုင်တယ်။

(4) The day / the year / the time etc. ---- something happens or that something happens ပုံစံသုံးနိုင်တယ်။

(5) The reason something happens or that/why something happens ပုံစံ သုံးနိုင်တယ်။

Ref: English Grammar in Use (Raymond Murphy)
❤28👍12🥰3
Grade 12 English Textbook.pdf
21.4 MB
Grade 12 English Textbook (pdf format)

စာအုပ်မရှိသေးတဲ့သူတွေ တစ်စုတစ်စည်းတည်း ကြည့်လို့ရအောင် Pdf file ဖန်တီးပေးထားပါတယ်။

တချို့စာတွေက မူရင်းစာအုပ်မှာကိုက မကြည်လင်တဲ့အတွက် စာနှစ်ထပ်ရှိနေတာ၊ ပျက်နေတာ ရှိပါတယ်။

Google drive က Download ယူရတာ သဘောကျသူတွေအတွက် ဒီ Link ကနေ Download ယူပါ။

Drive link
https://drive.google.com/file/d/1dR6Ynrfo-JhlN3UKsUTfUDFDK_tuWYTP/view?usp=sharing
❤111👍53👏3😁1
Grade 9 English (သင်ရိုးသစ်) ရဲ့ Unit 3, Lesson 2 မှာ အင်းတော်ကြီးကန် အကြောင်း ပါပါတယ်။ ကျယ်ကျယ်ပြန့်ပြန့် သိရအောင် Myanmar Wiki က ယူပြီး ပြန်တင်ပြပေးထားပါတယ်။

အင်းတော်ကြီးကန်

အင်းတော်ကြီးကန်ကို ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် တည်ရှိသည်။ မြန်မာနိုင်ငံ၏ အကြီးဆုံးသော သဘာဝ အင်းကြီးဖြစ်သည်။ တောင်နှင့်မြောက် အလျား (၁၄)မိုင်၊ အနံ(၇)မိုင်ရှိပြီး စတုရန်းမိုင် ၁၀၀ အပါအဝင်ဧရိယာ ၃၁၄.၆၇ စတုရန်းမိုင် ကျယ်ဝန်းပါသည်။ ပင်လယ်ရေမျက်နှာပြင်အထက် ၇၀၀-ပေ အမြင့်တွင် တည်ရှိသည်။ မိုးရာသီအချိန်တွင် အနောက်ဘက်ကမ်းရှိ လုံးတုံနှင့် အရှေ့ဘက်ကမ်းရှိ ဟဲပုရွာအကြား ရေပြင်အကျယ်ဆုံးဖြစ်သည်။ ရေပြင်ကြီးသက်သက် အကျယ်အဝန်းသည် (၄၄.၉) စတုရန်းမိုင်ရှိသည်။ အင်းတော်ကြီးကန်အတွင်း အမှိုက်ဒိုက်သရိုက် ကင်းစင်သည်။ ရေကြည်လင်သည်။ ရေပြင်ကျယ်ကြီးသည် ပင်လယ်ပြင်တမျှ ရှုမဆုံးအောင်လှပသည်။ အမြင့် ပေ ၁၀ဝ၀ ကျော်မှ ၄၀ဝ၀ ကျော်ထိ မတ်စောက်မြင့်မားသော တောင်တန်းများ ကျောက်တောင်ကြီးများ ဝန်းရံထားသည်။

အင်းတော်ကြီးကန်၏ အလယ် အင်းစွယ်တစ်ခုပေါ်တွင် ရွှေမဉ္ဇူစေတီတော်ကို တည်ထားသည်။ အင်းတော်ကြီးကန်သည် ပတ်ပတ်လည်၌ တောင်ရိုးတောင်စွယ်များ ဝိုင်းရံထားသည့် ချိုင့်ဝှမ်းကြီးဖြစ်သည်။ ရွှေမဉ္ဇူဘုရားသည် ကချင်ပြည်နယ်၏ အဓိကရစေတီတော်ကြီး ဖြစ်သည်။ တပေါင်းလဆန်း ဘုရားပွဲတော် ကျင်းပချိန် နီးကပ်လာလျှင် ဘုရားစေတီအရောက် လူလျှောက်သွားနိုင်ရန် သဲလမ်းမကြီးနှစ်လမ်း ပေါ်လာတတ်သည်။ ဘုရားပွဲတော်ပြီးသည့်အခါ သဲလမ်းများ ရေထဲ ပြန်မြုပ်သွားတတ်သည်။ ဘုရားပွဲတော်သည် အနီးစပ်ချုပ်နှင့်ရပ်ဝေးဧည့်သည်များဖြင့် စည်ကားလေ့ရှိသည်။ အင်းပတ်ဝန်းကျင်တွင် တိုင်းလျှံ(ရှမ်းနီ)ဟုခေါ်သော ရှမ်းလူမျိုးတို့သည် ရှေးအစဉ်အဆက်ကတည်းကနေထိုင်ခဲ့ကြသည်။ အင်းတော်ကြီးကို ရှမ်းဘာသာအားဖြင့် လောင်းလုံစည်ခမ်း သို့မဟုတ် လင်လုံ ဟုခေါ်ကြသည်။ စည်ခမ်းအင်းကြီးဟုအစိပ္ပာယ်ရသည်။ စည်ခမ်းဆိုသည်မှာ အင်းတော်ကြီးအင်းဟူ၍မဖြစ်ပေါ်လာမီက ယင်းဒေသတွင်ရှိခဲ့သောမြို့ကြီးတစ်မြို့ဖြစ်သည်။

သစ်ပင်ပန်းမန် တိရစ္ဆာန်များ

အင်းတော်ကြီးကန်ပတ်လည်တွင် အင်းတော်ကြီး တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတည်ရှိသည်။ ၁၉၉၉ ခုနှစ်တွင်စတင်တည်ထောင်ခဲ့သည်။ ရှုမျှော်ခင်းများ၊ ရှားပါးနို့တိုက်သတ္တဝါများ၊ ငှက်များအပါအဝင် မျိုးကွဲတိရစ္ဆာန်များအား တွေ့ရှိနိုင်သည်။

မျိုးသုဉ်းမည့်အန္တရာယ်ကျရောက်နေသော ငှက် ၁၀ မျိုးအပါအဝင် ရွှေ့ပြောင်းနှင့် ဌာနေ ငှက်မျိုးပေါင်း ၂၀၀၀၀၊ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် မျိုးသုဉ်းလု ဖြစ်နေသော လိပ် ၅ မျိုးနှင့် ဤနေရာတွင်သာ တွေ့နိုင်သည့် ငါးမျိုးစိတ် ၇ မျိုး အပါအဝင် ငါးမျိုးပေါင်း ၉၃ မျိုးတို့အား တွေ့ရှိနိုင်သော အဓိကကျသည့် ရေတိမ်ဒေသ တစ်ခု ဖြစ်သည်။ အဆိုပါငှက်မျိုးများအနက် Greylag Geese၊ Oriental Darter၊ Purple Swamphen တို့အား ဇန်နဝါရီလတွင် အတွေ့ရများသည်။ စက်လှေများဖြင့်လှည့်လည်ကြည့်ရှုပါက ရွှံ့ညွှန်ပိုင်းနေမျိုးစိတ်များ၏ဘဝရှုခင်းများကိုမြင်တွေ့နိုင်သည်။ ကန်နှင့် ရွှံ့ညွှန်ဒေသသည် ဆောင်းခိုငှက်များခိုလှုံရာဖြစ်သည်။ ပတ်ဝန်းကျင်ရွာများမှအညစ်အကြေးများက ရေအရည်အသွေးကိုခြိမ်းခြောက်လျက်ရှိသည်။ သို့ရာတွင်မိုးရာသီရောက်လျှင် ရေများပြန်လည်သန့်ရှင်းသွားသည်သာဖြစ်သည်။

ထိန်းသိမ်းရေး

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့တွင်ကျရောက်သော ကမ္ဘာ့ရေတိမ်ဒေသများနေ့တွင် အင်းတော်ကြီးကန်သည် မြန်မာနိုင်ငံအတွက် မိုးယွန်းကြီးအင်း ပြီးလျှင် ဒုတိယမြောက် ရမ်ဆာစာရင်းဝင် ရေတိမ်ဒေသတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ အစိုးရနှင့် ရမ်ဆာ အတွင်းရေးမှူးရုံးတို့က ကြေညာခဲ့သည်။ ရမ်ဆာစာရင်းဝင် ဖြစ်လာမှုကြောင့် ထိန်းသိမ်းရေး လုပ်ငန်းများအတွက် တိုးတက်မှုကောင်းတစ်ခု ဖြစ်သော်လည်း ရေဝေဒေသရှိ စမ်းချောင်းများတွင် တရားမဝင် အာတီဆင် အသုံးပြု ရွှေကျင်မှုများက ကန်၏တောင်ဘက်ပိုင်းတွင် နုန်းမြေများ ပို့ချခြင်းနှင့် ညစ်ညမ်းမှုများကို ဖြစ်ပေါ်စေခြင်း ကဲ့သို့သော စိန်ခေါ်မှုများ ရှိနေသေးသည်။

ဒါကိုလည်း ဖတ်ပေးပါ
https://m.facebook.com/story.php?story_fbid=592197556274984&id=100064542350311&mibextid=Nif5oz

ဒီ video ကိုလည်း ကြည့်ပါ
https://fb.watch/j_eN2up20v/?mibextid=Nif5oz
❤80👍58