EETS - Essential English for Teachers and Students
30.6K subscribers
1.04K photos
213 videos
50 files
202 links
Download Telegram
Relative Clauses (5)

Relative Clauses ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြောလာတာ (1,2,3,4) ပြီးလာခဲ့ပြီး ခု နောက်ဆုံးတစ်ခုဖြစ်တဲ့ (5) ကို ရောက်လာပါပြီ။ ဒီလောက်ဆို အတော်လည်း နားလည်လောက်ပြီ ထင်ပါတယ်။

ဒီတစ်ခေါက်မှာ ပုံစံအသစ်လေးတွေ လေ့လာကြည့်ပါဦး။
ပထမဆုံးတစ်ခုက ဒီလိုပုံစံပါ။

A. Prepositions + whom/which

Preposition တစ်ခုကို whom (လူတွေအတွက်) / which (အရာဝတ္ထုတွေအတွက်) ရဲ့ ရှေ့မှာ သုံးနိုင်ပါတယ်။ ဒီလိုဆိုတော့ to whom/ with whom/ about which/ without which စသည်ဖြင့် ပြောနိုင်တာပေါ့။
ဥပမာလေးတွေ ကြည့်ရအောင်။

 Mr Lee, to whom I spoke at the meeting, is very interested in our proposal.
အစည်းအဝေးမှာ ငါစကားပြောခဲ့တဲ့ မစ္စတာလီက တို့ရဲ့ အဆိုပြုချက်မှာ အများကြီး စိတ်ဝင်စားခဲ့တယ်။

ဒီဝါကျမှာ လူပုဂ္ဂိုလ်ဖြစ်တဲ့ Mr Lee ကို ပြန်ပြီး ညွှန်းပေးချင်တာမို့ whom ကို သုံးတယ်။ preposition ကို to သုံးချင်တာမို့ to whom ဆိုပြီး သုံးတာပေါ့။

 Fortunately we had a map, without which we would have got lost.
ကံကောင်းလို့ ငါတို့မှာ မြေပုံရှိနေခဲ့တယ်။ အဲဒါသာ မရှိရင် တို့လမ်းပျောက်နေတော့မှာ။

ဒီဝါကျမှာတော့ အရာဝတ္ထုဖြစ်တဲ့ map ကို ညွှန်းချင်တာမို့ which သုံးလိုက်တယ်။ preposition နဲ့ သုံးချင်တာမို့ without which ဆိုပြီး သုံးတယ်။
ပေါ့ပေါ့ပါးပါးသုံးတဲ့ အင်္ဂလိပ်စာမှာတော့ relative clause မှာ preposition ကို verb ရဲ့ နောက်မှာ ထားလေ့ရှိပါတယ်။ ဒီလိုသုံးတဲ့အခါမှာ လူတွေအတွက် whom မသုံးဘဲ who သုံးလေ့ရှိပါတယ်။
ဒီလိုပြောရုံနဲ့ မျက်လုံးထဲမှာ ဘယ်ပေါ်ပါ့မလဲနော်။ ဒီတော့ ဥပမာလေးတွေနဲ့ တွဲကြည့်ရမယ်။

 This is my friend from Canada, who I was telling you about.
ဒါက ငါပြောပြောနေတဲ့ ကနေဒါက ငါ့သူငယ်ချင်းလေ။

ဒီဝါကျမှာ စကားပြောပုံအတိုင်း ပေါ့ပေါ့ပါးပါး သုံးတာဖြစ်တဲ့ အတွက် to whom ဆိုပြီး ခန့်ခန့်ညားညား မသုံးတော့ဘဲ who ရယ် verb ရဲ့နောက်မှာ preposition ဖြစ်တဲ့ about ကို တွဲသုံးထားတာ သတိထားမိမှာပေါ့။
နောက်ထပ် ဥပမာတစ်ကြောင်းကို ကြည့်ပါဦး။

 Yesterday we visited the City Museum, which I’d never been to before.
မနေ့တုန်းက ငါအရင်ကတစ်ခါမှ မရောက်ဖူးခဲ့တဲ့ City Museum ကို သွားခဲ့တယ်။

B. All of/most of etc. + whom/which
နောက်ထပ် သုံးစွဲပုံတစ်ခုဖြစ်တဲ့ All of/most of etc. + whom/which ကို ကြည့်ရအောင်။

ဒီဥပမာလေးတွေကို အရင်ကြည့်ပါ။

Mary has three brothers. All of them are married. (ဝါကျနှစ်ကြောင်း)
Mary has three brothers, all of whom are married. (ဝါကျတစ်ကြောင်းတည်း ဖြစ်သွားပြီ)
မေရီမှာ အစ်ကို သုံးယောက်ရှိတယ်။ အကုန်လုံးက အိမ်ထောင်နဲ့။

They asked me a lot of questions. I couldn’t answer most of them. (ဝါကျနှစ်ကြောင်း)
They asked me a lot questions, most of which I couldn’t answer. (ဝါကျတစ်ကြောင်း)

သူတို့က ငါ့ကို မေးခွန်းတွေအများကြီး မေးခဲ့တယ်။ အများစုကို ငါမဖြေနိုင်ဘူး။

ဒီနည်းအတိုင်းပဲ တို့က ခုလိုတွေလည်း ပြောနိုင်တယ်။
none of / neither of /any of / either of + whom (people) / which (things)
some of / many of / much of / (a) few of + whom (people) / which (things)
both of / half of / each of / one of / two of etc. + whom (people) / which (things)

 Martin tried on three jackets, none of which fitted him.
မာတင်က ဂျာကတ် သုံးထည်ကို စမ်းဝတ်ကြည့်တယ်။ တစ်ထည်မှ သူနဲ့ မတော်ဘူး။

 Two men, neither of whom I had seen before, came into the office.
ငါတစ်ခါမှမမြင်ဘူးတဲ့ လူနှစ်ယောက် ရုံးခန်းထဲကို ဝင်လာတယ်။

 They’ve got three cars, two of which they rarely use.
သူတို့မှာ ကားသုံးစီးရှိတယ်။ နှစ်စီးကို သူတို့ သုံးခဲတယ်။

 Sue has a lot of friends, many of whom she was at school with.
ဆူးမှာ သူငယ်ချင်းတွေ အများကြီး ရှိတယ်။ အများစုကတော့ ကျောင်းအတူတူ တက်ခဲ့သူတွေပါ။

the cause of which / the name of which etc. လို့လည်း ပြောနိုင်တယ်။

 The building was destroyed in a fire, the cause of which was never established.
ဒီအဆောက်အဦးက မီးထဲမှာ ပျက်စီးသွားတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကို အခိုင်အမာ သက်သေမပြနိုင်ဘူး။

 We stayed a t a beautiful hotel, the name of which I can’t remember now.
ကျွန်တော်တို့က လှပတဲ့ဟိုတယ်မှာ တည်းခဲ့တယ်။ ဟိုတယ် နာမည်ကိုတော့ ခု မမှတ်မိတော့ဘူး။

C. Which (not what)

ဒီဥပမာကို ကြည့်ပါ။

Joe got the job. This surprised everybody. (ဝါကျနှစ်ကြောင်း)
Joe got the job, which surprised everybody. (ဝါကျတစ်ကြောင်း)
ဂျိုးအလုပ်ရခဲ့တယ်။ ဒါက လူတိုင်းကို အံသြသွားစေခဲ့တယ်။
❤33👍30
ဒီဥပမာမှာ which က the fact that he got the job (သူအလုပ်ရခဲ့တယ်ဆိုတဲ့အချက်) လို့ ဆိုလိုတယ်။ ဒီလို ဝါကျတွေမှာ what မသုံးဘဲ which သုံးရတယ်။ what က သိတဲ့အတိုင်း the thing(s) that လို့ ဆိုလိုတယ်လေ။ ဥပမာ- Did you hear what they said? သူပြောခဲ့တာ မင်းကြားခဲ့သလား။

Which သုံးစွဲပုံ ဥပမာတွေ ထပ်ကြည့်ရအောင်။

 Sarah couldn’t meet us, which was a pity. (what was a pity လို့ မသုံးရ)
ဆာရာက တို့နဲ့ မတွေ့နိုင်ဘူး။ စိတ်မကောင်းစရာပဲ။ (မတွေ့နိုင်ဘူးဆိုတဲ့ အချက်က စိတ်မကောင်းစရာပဲ)

 The weather was good, which we hadn’t expected. (what we hadn’t expected လို့ မသုံးရ)
ရာသီဥတုက ကောင်းတယ်။ တို့မမျှော်လင့်ထားခဲ့မိဘူး။ (ရာသီဥတု ကောင်းတယ်ဆိုတဲ့ အချက်ကို မမျှော်လင့်ထားခဲ့မိဘူး။)

ခုပြောခဲ့တာတွေကို အကျဉ်းချုပ် ပြန်ကြည့်ကြမယ်။

1. Preposition + whom (for people) / which (for things) သုံးနိုင်တယ်။ ဒါကြောင့် to whom / with whom / about which / without which စသည်ဖြင့် သုံးနိုင်တယ်။
2. Informal English မှာတော့ relative clause မှာ preposition ကို verb နောက်မှာပဲ ထားတယ်။ ဒီလိုဝါကျမှာ whom မသုံးဘဲ who သုံးတယ်။
3. All of / most of etc. + whom/ which ပုံစံ သုံးနိုင်တယ်။
4. Which ဆိုတာ the fact that … ဆိုတဲ့ အဓိပ္ပာယ်ရတယ်။ ဒီလိုဝါကျမှာ what မသုံးနိုင်ဘူး။

ဆရာစည်သူထက်
Ref: English Grammar in Use (Raymond Murphy)
❤62👍28🕊3😁2
Media is too big
VIEW IN TELEGRAM
Grade 5 English (သင်ရိုးသစ်)
Unit 1 Everyday English
Lesson 1 At home

Grade 5 ရဲ့ ပထမဆုံး သင်ခန်းစာကို သင်ပြထားပါတယ်။

သင်တဲ့အခါ medium of instruction အနေနဲ့ English လို ပြောထားပါတယ်။

လေ့လာကြည့်ပါဦး။

Youtube တွင်လေ့လာရန်
https://youtu.be/8c6at24LMoA
❤49🥰42👍32
Grade 9 English (သင်ရိုးသစ်)
Unit 3, Lesson 4 မှာပါတဲ့ ဝင်္ဂဘော်ဆင်စခန်းအကြောင်း ဖြည့်စွက်လေ့လာဖို့ပါ။

ဝင်္ဂဘော်ဆင်စခန်း

ဝင်္ဂဘော်ဆင်စခန်းအား ပဲခူး(တောင်) သစ်ထုတ်ရေးဒေသမှ တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး( အရှေ့ ) ဘုရားကြီးမြို့ဝင်္ဂဘော်ကျေး ရွာအုပ်စု၊ ဘောနတ်ကြီးလမ်းပေါ်တွင်တည်ရှိသည်။ မြေဧက(၈၆.၀၁)ဧကကျယ်ဝန်းပြီး ၂၀၁၃ ခုနှစ်မှစတင်၍ ဆင်ထိန်းသိမ်းပြသရေးစခန်းအဖြစ် ထူထောင်ရန် ဆောင်ရွက်ခဲ့သည်။ ၂၀၁၅ ခုနှစ်မှစ၍ ဆင်ထိန်းသိမ်းပြသရေးစခန်းတွင် သရုပ်ပြဆင်(၃)ကောင်ဖြင့်စတင် လေ့ကျင့်လျက်ရှိပြီး ခရီးသွား ဧည့်သည်များအား ဆင်များ၏သဘာဝဓလေ့ စရိုက်များအား လေ့လာကြည့်ရှုနိုင်ရန် ဆောင်ရွက် လျက်ရှိသည်။ ဆင်စခန်းအတွင်း ဆင်များ၏ တောသဘာဝနှင့် လိုက်လျော ညီထွေမှုရှိစေရန်၊ သစ်ပင်ကြီးများစိုက်ပျိုးခြင်း၊ သဘာဝ ဆင်စာပင်နှင့် ပြည်ပ နိုင်ငံမှတင်သွင်းသည့် နေဗီယာမြက်များစိုက်ပျိုး လျက်ရှိသည်။ အနာဂတ်တွင် ဆင်ကောင်ရေထပ်မံတိုးချဲ့၍ ဆင်ထိန်းသိမ်းပြသရေးစခန်းကြီးအဖြစ် ထပ်မံ တိုးချဲ့ဆောင်ရွက်သွားမည် ဖြစ်သည်။

ပိုသိရအောင် ဒီ Link တွေမှာလည်း ဖတ်ပါဦး
https://www.bbc.com/burmese/burma-46698543

https://mingalago.com/my/interest/detail/wingabaw-elephant-camp

video ကြည့်ပါ
https://youtu.be/4B0g7wBASNU
❤70👍45🥰5👏2
Grade 5 English (သင်ရိုးသစ်) ရဲ့ Unit 1, Lesson 2 At school ကို သင်ပြထားပါတယ်။ နောက်ကျနေပြီမို့ Youtube မှာ အရင်လေ့လာနှင့်လို့ ရပါတယ်။

ဒီ Link ကို နှိပ်ပြီး ကြည့်ပါ။ https://youtu.be/kjdU_4AK5s0

နောက်နေ့မှ Telegram နဲ့ Facebook မှာ တင်ပေးပါမယ်။
❤77👍38👏2
Grade 12 English (သင်ရိုးသစ်) ရဲ့ Unit 5 Colours အကြောင်းမှာ အမေရိကန်နိုင်ငံမှာ အဝါရောင်က ကြိုဆိုတဲ့ အရောင်ဖြစ်ကြောင်း၊ စစ်ပွဲလိုမျိုး အန္တရာယ်တစ်ခုခုကနေ အိမ်ပြန်ရောက်လာတဲ့သူတွေကို ကြိုဆိုတဲ့ အခါ သစ်ပင်မှာ ဖဲကြိုးဝါလေးတွေချည်ပြီး ကြိုဆိုကြကြောင်း ပါပါတယ်။

ဒါနဲ့ ဆက်စပ်လို့ နာမည်ကျော် သီချင်း တစ်ပုဒ်ရှိပါတယ်။ "Tie a Yellow Ribbon Round the Ole Oak Tree" တဲ့။ ဒီ Link လေး နှိပ်ပြီး နားဆင်နိင်ပါတယ်။
https://youtu.be/7-RlLFxgCkk

မြန်မာမှာတော့ "ယုဇနပင်နဲ့ ဖဲကြိုးဝါ" ဆိုပြီး ပြန်ဆိုတေးအနေနဲ့ ဆိုကြပါတယ်။

ဇော်ဝင်းထွဋ်သီဆိုပုံ
https://youtu.be/Y5NbyF1sQOw

နေတိုး သီဆိုပုံ
https://youtu.be/BKyH5lZiJgw
❤75👍34❤‍🔥4
Grade 9 English (သင်ရိုးသစ်) မှာ မြန်မာ့တူရိယာတွေဖြစ်တဲ့ စောင်းကောက်နဲ့ ဆိုင်းဝိုင်းအကြောင်း ပါပါတယ်။ အခု စောင်းကောက်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ဖတ်ရှုဖို့ မျှဝေပေးလိုက်ပါတယ်။

🔸🔸🔸🔸🔸🔸🔸

ယနေ့ကမ္ဘာပေါ်ရှိ လူမျိုးအသီးသီးတို့ အသုံးပြုနေကြတဲ့စောင်းများမှာ လေးကိုင်းပုံသဏ္ဌာန်စောင်းနဲ့ တြိဂံပုံသဏ္ဌာန်စောင်းဆိုပြီး နှစ်မျိုးရှိပါတယ်။ လေးကိုင်းပုံသဏ္ဌာန်စောင်းဟာ တြိဂံပုံသဏ္ဌာန်စောင်းထက် ပိုမိုရှေးကျကြောင်း လေ့လာတွေ့ရှိရပါတယ်။

သမိုင်းအထောက်အထားများအရ မြန်မာ့စောင်းဟာ ခရစ် ၈၀၂ခုနှစ် ပျူခေတ်ကတည်းက ပေါ်ပေါက်ခဲ့တယ်လို့ သိရပါတယ်။ ရှေးဦးတူရိယာများဖြစ်ကြတဲ့ ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ်စတဲ့ တူရိယာငါးပါးမှာ စောင်းဟာ တစ်ခုအပါအဝင်ဖြစ်ပြီး မြန်မာ့စောင်းကို ကြိုးတပ်တူရိယာများအနက် တူရိယာဘုရင်လို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ ထီးနန်းအဆက်ဆက်သုံးစွဲခဲ့တဲ့ စောင်းကို ဂန္ဓဗ္ဗစောင်း သို့မဟုတ် ဇာတိစောင်းလို့ ခေါ်ပါတယ်။ ဒီစောင်းမှာ ကြိုးခုနှစ်ချောင်းပါဝင်ပါတယ်။

ဆိုင်းဝိုင်းမှာ ဗုံများကို ပတ်စာထည့်တဲ့အခါ ကြေးနောင်ကို စံထားရပါတယ်။ ကြေးနောင်ကို အသံညှိတဲ့အခါ နှဲသံကို စံထားရပါတယ်။ နှဲသံအတွက် လက်ပေါက်ဖောက်တဲ့အခါ စောင်းသံကိုနာခံပြီးဖောက်ကြရတဲ့အတွက် စောင်းဟာ ဂီတအားလုံးရဲ့အဓိကအသံလို့ဆိုကြပါတယ်။ မြန်မာတို့မှာ စောင်းကောက်နဲ့ဗျပ်စောင်းဟာ ထင်ရှားပါတယ်။ ဗျပ်စောင်းဟာ ဗျပ်လို အဝိုင်းပြား၊ အိုးမှာ လက်ရုံးတပ်ထားတဲ့ ကြိုးတပ်တူရိယာဖြစ်ပြီး ရှေးခေတ်ရှမ်းလူမျိုးတွေတီးတဲ့ ဗျပ်စောင်း သို့မဟုတ် ပျူခေတ် ဗူးဗျပ်စောင်းပုံစံမျိုးဖြစ်မယ်လို့ သုတေသနပြုချက်တွေအရ သိရပါတယ်။ ခရစ်နှစ် ၈၀၂ခုနှစ်မှာ ပျူမင်းသားသုနန္ဒ၊ အမတ်ကြီး နာကျကုဥ္စနဲ့ မဟာသေနတို့ဦးဆောင်တဲ့ တရုတ်နိုင်ငံရောက် ပျူသံအဖွဲ့မှာ ပျူဂီတအကအဖွဲ့ပါပါတယ်။ တန်မင်းဆက်သမိုင်းမှာဖော်ပြထားတာက သူတို့မှာ တူရိယာ ၂၂မျိုးပါလာပြိး အဲ့ဒီအထဲမှာ စောင်းအမျိုးအစားအမျိုးမျိုးပါ ပါဝင်ကြောင်းဖော်ပြထားပါတယ်။ စောင်းကို ရှေးဘုရင်များလက်ထက် အတော်နှစ်ခြိုက်ခဲ့ကြပြီး ထီးသုံးနန်းသုံးအဖြစ် အသုံးပြုခဲ့ကြရုံသာမက တောင်သူလယ်သမား ဆင်းရဲသားများကလည်း နှစ်သက်စွာ တီးခတ်ကြပါတယ်။

မြန်မာ့စောင်းကောက်ဟာ လှေပုံသဏ္ဌာန်ရှိပြီး ရွက်တိုင်ကွေးမှာ လေးအားဖြစ်ဖို့ လေးကြိုးကိုဆွဲတဲ့ အခါမှာ လေးကိုင်းဟာ ကွေးညွတ်သွားတဲ့ လေးကိုင်းသဏ္ဌာန်ရှိပါတယ်။ မြန်မာ့စောင်းဟာ တစ်ခြားနိုင်ငံများမှ စောင်းတွေနဲ့မတူပဲ တစ်မူအသွင်ထူးခြားတဲ့ ပုံစံရှိပါတယ်။ မြန်မာ့စောင်းမှာ အပိုင်းနှစ်ပိုင်းရှိပြီး လက်ရုံးပိုင်းနဲ့ ကိုယ်ထည်ပိုင်းဖြစ်ပါတယ်။ လက်ရုံးပိုင်းမှာ ကွေးကောက်ပုံသဏ္ဌာန်သုံးမျိုးရှိပါတယ်။ သဇင်ခွေလက်ရုံး (သဇင်ပန်းရဲ့နွဲ့နှောင်းကွေးညွှတ်နေဟန်ကို အတုယူထား)၊ မျောက်ထိုင်လက်ရုံး(မျောက်တစ်ကောင်ထိုင်နေစဉ် ဘေးတိုက်မြင်ရပုံကို ပုံစံတူပြုထား) နဲ့ ငါးမျှားချိန်လက်ရုံး(ငါးမျှားချတ်၏ကွေးကောက်ပုံကို အတုယူထား) တို့ပဲဖြစ်ပါတယ်။ မျောက်ထိုင်လက်ရုံးနဲ့စောင်းဟာ အသုံးအများဆုံးဖြစ်ပြီး လက်ရုံးမှာချည်တဲ့ ဘွဲ့ကြိုးမြဲခြင်းကြောင့် စောင်းကြိုးအလျှော့အတင်း နည်းတဲ့အတွက်ဖြစ်ပါတယ်။

စောင်းကိုယ်ထည်ပိုင်းဟာ လောင်းလှေသဏ္ဌာန်ရှိပြီး စောင်းအိုးကို ရှေးအဆိုအရ တောင်ကုန်းမြေမြင့်ဒေသမှာပေါက်တဲ့ ပိတောက်သားနဲ့ပြုလုပ်တာပိုကောင်းတယ်လို့ဆိုပြီး ပိတောက်သားနဲ့ပြုလုပ်ကြပါတယ်။ ဒီနောက်ပိုင်းတော့ ပိတောက်သားအပြင် ယမနေသား၊ ကျွန်းသားအဖြူ၊ ယင်းမာသားတို့နဲ့လည်း ပြုလုပ်လာကြပါတယ်။ စောင်းအိုးထွင်းရာမှာ “ရှေ့စကားနောက်ဖလား”ဆိုပြီး ဆိုရိုးရှိတဲ့အတိုင်း စောင်းအိုးရဲ့ဦးပိုင်းကို စကားရွက်ပုံသဏ္ဌာန်နဲ့ ပဲ့ပိုင်းကို ဖလား၏အောက်ဝန်းသဏ္ဌာန်ရှိစေပါတယ်။ မြန်မာစောင်းကောက်အပြင် ၁၉၂၂မှာ မြန်မာ့စောင်းပြားလည်း ပေါ်ပေါက်ခဲ့ပါတယ်။ မြန်မာ့စောင်းကောက်ဟာ လှပနုနယ်ပြီး တန်ဖိုးကြီးခြင်းကြောင့် စောင်းပညာသင်လိုသော်လည်း ငွေကြေးမတတ်နိုင်တာကတစ်ကြောင်း၊ ခရီးသွားရင်သယ်ယူရလွယ်တာကြောင့်တစ်ကြောင်း၊ ကြိုးညှိရလွယ်တာကတစ်ကြောင်း၊ ယနေ့စောင်းပညာလိုက်စားသူများနဲ့ အချို့စောင်းပညာရှင်များဟာ စောင်းပြားကိုပိုမိုသုံးစွဲလာကြပါတယ်။

အစက စောင်းကြိုး ခုနှစ်ကြိုးရှိပြီး နောက်ပိုင်း ဆယ့်သုံးကြိုးမှသည် ဆယ့်ခြောက်ကြိုးအထိ တီထွင်လာကြပါတယ်။ စောင်းကြိုးလေးတွေကို ပိုးကောင်ဥမှရရှိတဲ့ ပိုးချည်မျှင်အစိမ်းများမှ ကြိုးအဖြစ်ပြုပြင်ယူရပါတယ်။ ဒီပိုးကြိုးဟာ အဝါရောင်ရှိတဲ့အတွက် ခင်ဝါကြိုးလို့ စာဖွဲ့ခဲ့ကြပါတယ်။ စောင်းသံဖျားခေါ် အောက်ဆုံးကြိုးမှ အထက်ဆုံးဒုံးကြိုးအထိ ကြီးစဉ်ငယ်လိုက် အလိုရှိသောအသံပေါ်မူတည်ပြီး ပိုးကြိုးကို အပင်လိမ်အဖြစ် သေးအကြီးကျစ်ကြရပါတယ်။ စောင်းကြိုးချည်ရာတွင် ချည်သောဘွဲ့ (ပန်ပွား)ကြိုးနဲ့ ယင်းစောင်းကြိုးကို ဆက်သွယ်ပြီး လက်ရုံးဘွဲ့ (ပန်းဖွား)ကြိုးလျော့မကျစေရန် အထစ်များပြုလုပ်ပြီး နှောင်ကြိုးတည်းရကြောင်း မှတ်သားရပါတယ်။

ကိုးကား။ မြန်မာ့စောင်းသိကောင်းစရာနှင့်တတ်ကောင်းစရာ(သုတေသီရာမညကိုကိုနိုင်)
👍27❤24🤬1
❤69👍12🤓2🍌1