ဒီဖြစ်စဉ်က လတ်တလော ရရှိထားတဲ့ အချက်အလက်တွေအရ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကြံစိမ့်ကြီး ကျေးရွာမှာ ဒီနှစ်အစောပိုင်း ဖေဖော်ဝါရီ ၁၉ က ဖြစ်ခဲ့တာလို့ သိရပါတယ်။ သတ်ဖြတ်ခံရသူနာမည်က မနန္ဒာလို့ ကနဦး သိထားပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေမှာတော့ မနန္ဒာကို သတ်ဖြတ်သွားသူတွေဟာ PDF တွေဖြစ်ကြောင်းနဲ့ ‘ဒလန်ရှင်းလင်းရေးအနေနဲ့ သတ်ဖြတ်သွားတာ ဖြစ်ကြောင်း’ ဒီနှစ် ဖေဖော်ဝါရီလပိုင်းက စွပ်စွဲရေးသားကြတာ တွေ့ရပါတယ်။

ဒီ ရုပ်သံဖိုင်ဟာ နိုင်ငံတကာ အဖွဲ့အစည်းတချို့ထံ ရောက်ရှိနေပြီးဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။ ဒီရုပ်သံရဲ့ ရင်းမြစ်ကို ရှာဖွေနေကြသလို ဘယ်သူ၊ ဘယ်အဖွဲ့က လုပ်သွားသလဲဆိုတာလည်း စုံစမ်းနေကြတယ်လို့ သိရပါတယ်။

မြိုင်ဒေသအခြေစိုက်တဲ့ အဖွဲ့တွေထဲ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ် အဖွဲ့ဟာ သြဇာကြီးသလို တရားဝင် ချိတ်ဆက် ဆောင်ရွက်နေတဲ့အဖွဲ့တွေထဲက တစ်ဖွဲ့လည်း ဖြစ်ပါတယ်။ ဒီ မနန္ဒာ သတ်ဖြတ်ခံရတဲ့အကြောင်း ပြီးခဲ့တဲ့ မိနစ်က သူတို့ ထုတ်ပြန်ထားပါတယ်။

မြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ မနန္ဒာကို “စကစ (စစ်ကောင်စီ) မှ ရှင်းလင်းသွားကြောင်း သိရပါသည်” လို့ ရေးထားပါတယ်။

မကွေးတိုင်း သရက်ခရိုင် သရက်မြို့မရဲစခန်းကနေ ပခုက္ကူခရိုင် မြိုင်မြို့ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ထဲက တပ်ဖွဲ့ဝင် ဇော်လင်းအောင် ဆိုသူကို စစ်ကောင်စီက လိုက်ရှာခဲ့တာမှာ ဇော်လင်းအောင်ဟာ ကြံစိမ့်ကြီးကျေးရွာက မနန္ဒာဆီမှာ တည်းခိုသွားတယ်လို့ သတင်းရပြီး ကြံစိမ့်ကြီးကို ရောက်ခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

အဲ့ဒီနောက် စစ်ကောင်စီက မနန္ဒာကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။ သတ်ဖြတ်တဲ့အထဲမှာတော့ စစ်ဝတ်စုံနဲ့ မတွေ့ရဘဲ အရပ်ဝတ်စုံနဲ့ တွေ့ရပြီး သတ်ဖြတ်စဉ်ဘေးနားမှာ အခြား အမျိုးသမီးတစ်ဦးလည်း ရှိနေသေးတာကို အသံကြားရပါတယ်။

ဒီသတ်ဖြတ်မှုဟာ “မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် လုံးဝ လုံးဝ သက်ဆိုင်ခြင်းမရှိပါ” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်က ထုတ်ပြန်ထားပါတယ်။